Friday, June 14, 2013

ဆယ်ကျော်သက်တုန်းက ဆရာမနဲ့ အိမ်ရှင်မ နှစ်ခုပဲ ဖြစ်ချင်ခဲ့တာ မယ်လိုဒီ


Photo 
လူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ကြ မယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ် ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့ လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာ တွေရှိပါတယ်။ ဆယ်ကျော် သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင် များရဲ့ ဆယ်ကျော်သက်ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ဆယ်ကျော်သက်တုန်းက ဆရာမနဲ့ အိမ်ရှင်မ နှစ်ခုပဲ ဖြစ်ချင်ခဲ့တာ

ဆယ်ကျော်သက် ဘဝတုန်းက မျိုး ဖြစ်ချင်ခဲ့တာက ကျောင်းဆရာမ တစ်ယောက်။ အဲဒါမှမဟုတ်ရင် အိမ် ရှင်မ တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာ။ ကျန်တာ ဘာမှ မလုပ်ချင်ဘူး။ ကျောင်းဆရာမကတော့ စိတ်ကူးယဉ်တဲ အတိုင်း လုပ်ခဲ့ဖူးတယ်။ မျိုးတို့ တောမှာသွားပြီး သင်ပေးဖူးတယ်။ မျိုး သူငယ်ချင်းတွေကတော့ အလကား ဆရာမ ဆိုပြီး နောက်ဖူးတယ်။ ပိုက်ဆံတစ်ပြားမှ မယူဘူး။ တွံတေးကနေပြီးတော့ လှေစီးပြီး သွားသင်ရ တာပါ။ အစိုးရဝန်ထမ်း မဟုတ်ခဲ့ပေမယ့် လုပ်အားပေး ဆရာမတော့ လုပ်ခဲ့ဖူးတယ်။ ကျန်တာက မျိုးက တော့ အိမ်ရှင်မပဲ လုပ်ချင်ခဲ့တာ။

ဆယ်ကျော်သက်တုန်းကတော့ မင်းသမီးလုပ်ဖို့ စိတ်ကူး မရှိပါဘူး

မင်းသမီး လုပ်ဖို့တော့ စိတ်ကူးမရှိဘူး။ သီချင်းဆိုတာတော့ ဝါသနာပါတယ်။ မင်းသမီးလုပ်တာလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ငါဟာမင်းသမီး ဖြစ်ရမယ်၊ အဆိုတော် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် တော့ မရှိခဲ့ဘူး။

စိတ်ကူး မရှိဘဲ မင်းသမီး လုပ်ဖြစ်သွားတာ

မင်းသမီး လုပ်ဖြစ်သွားတာက စိတ်ကူး မရှိဘူး။ ပြိုင်ပွဲဝင်ဖို့လည်း စိတ်ကူး မရှိဘူး။ တိုက်ဆိုင်သွားတာ။ ဒဂုံစင်တာမှာ Shopping ထွက်ရင်း သူငယ်ချင်းက ဝင်ပြိုင်ခိုင်းလို့ ပြိုင်ဖြစ်တာ။ Romanson ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်တာကလည်း ဦးသိန်းနိုင် (နေခြည်) တို့ လင်မယားက ဝင်ပြိုင်ခိုင်းတာ။ မယ်လိုဒီဆိုတဲ့ နာမည်ကလည်း သူတို့ပဲပေးတာ။ ကိုယ့်ကိုယ်ကိုယ် လှတယ်၊ Smart ကျတယ်၊ Sharp ဖြစ်တယ်လို့ သတ်မှတ်တဲ့ အထဲမှာ မပါဘူး။ ဒါပေမဲ့ ဝင်ပြိုင်ပြီး ဆုရခဲ့တယ်။ ဒီလိုနဲ့ပဲ အနုပညာ လောကထဲကို ရောက် သွားတယ်။

ကိုယ်ဖြစ်ချင်တာပဲ ကိုယ်လုပ်တယ်

ဆယ်ကျော်သက်တုန်းက ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာက မိသားစုနဲ့ ပတ်သက်ရင်တော့ တစ်ထပ်တည်း ကျပါတယ်။ ကျန်တာကတော့ မျိုး နည်းနည်းဆိုးတယ်။ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်လုပ်တယ်။

မိဘတွေက သိပ်တော့ မထိန်းချုပ်ခဲ့ဘူး

ဆယ်ကျော်သက်တုန်းက မိဘတွေက အတင်းအကျပ် ထိန်းချုပ်တာမျိုးတော့ မရှိဘူး။ ဘုရားကျောင်းမှာ ဆိုလည်း Camp ဝင်ရတယ်။ အဲဒီအတွက် အိမ်က ဘေးကျပ်နံကျပ် ဖြစ်အောင် မလုပ်ဘူး။ ဘုရားကျောင်း မှာလည်း မောင်နှမလိုပဲ နေကြတာဆိုတော့ မိဘကတော့ သိပ်မထိန်းချုပ်ပါဘူး။

မိဘတွေ လုပ်တာကတော့ အကုန်မှန်ပါတယ်

လူငယ်တွေကို မိဘတွေ ထိန်းချုပ်တာ အပြစ်မမြင်ဖို့ကတော့ မျိုး အကြံမပေးချင်ဘူး။ သူတို့ မိဘတွေနေရာ ရောက်ရင် သိလာမှာပါ။ ဘာကြောင့်လဲဆိုတော့ မျိုးတို့လည်း သိတာပဲ။ သိရဲ့နဲ့ နားမထောင်ခဲ့တာလည်း ရှိတာပဲ။ အဲဒီတော့ မိဘနေရာ မရောက်ခဲ့ရင်တောင် အရွယ်ရလာရင် သိလာတာပါပဲ။ မိဘတွေလုပ် တာတော့ အကုန်မှန်ပါတယ်။

ဆယ်ကျော်သက် အရွယ်မှာ ဘာပဲလုပ်လုပ် မိဘနဲ့ တိုင်ပင်ပါ

ဆယ်ကျော်သက် အရွယ်မှာ ဘာပဲလုပ်လုပ် မိဘနဲ့တိုင်ပင်ပါ။ ဆွေးနွေးပါ၊ အကြံတောင်းပါ။ ဘာပဲဖြစ်ဖြစ် မိဘတွေက ကိုယ့်ထက် လူ့လောကထဲကို အရင်ရောက်ပြီး သိတာပါ။ တစ်ခါတလေမှာ ကလေးတွေက ပညာဂုဏ်မောက်တာ ရှိတယ်။ ဒါပေမဲ့ Knowledge ကတော့ ယှဉ်လို့ မရဘူး။ လူ့ရဲ့ အတွေ့အကြုံ၊ စိတ်ခံစားမှုအရ မိဘနဲ့သားသမီးက တခြားစီပါပဲ။ မိဘကို မိဘနေရာမှာ ထားပြီး ရိုရိုသေသေ လေးလေးစား စား ဆက်ဆံတာ အကောင်းဆုံးပါပဲ။ အဲဒါ ဘဝမှာ ဘယ်အခါမှ အမှား မရှိဘူး။ အရှုံး မရှိပါဘူး။

8Day News

0 comments:

Post a Comment