Friday, June 14, 2013

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတော့ မပေးစေလို

မနေ့က ညပိုင်း ၈နာရီနဲ့ ၉နာရီ ရုပ်မြင်သံကြားသတင်းတွေကြည့်ပြီးတဲ့နောက် အိမ်ကမိသားစုနဲ့ အတူ စည်းတစ်ခုရဲ့ အနမ်းဆိုတဲ့ မြန်မာဗီဒီယိုဇာတ်ကားတစ်ကားကို ကြည့်ဖြစ်ခဲ့ပါတယ်။

ခုတစ်လော မြန်မာဗီဒီယိုဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ဆူဆူညံညံအသံတွေ ထွက်နေတဲ့အတိုင်းပါပဲ။

ဆင်းရဲနွမ်းပါးတဲ့ ကောင်လေးတွေကို လုပ်ငန်းရှင်အမျိုးသမီးကြီးတွေက စပွန်ဆာပေးတဲ့ ဇာတ်လမ်း ကျောရိုးကိုအခြေခံပြီး ယောက်ျားလေးတွေနဲ့ အမျိုးသမီးကြီးတွေ ဆုံပြီး အရက်သောက်တဲ့အခန်းတွေ၊ ဟိုတယ်သွားတဲ့ အခန်းတွေကို ဝေေ၀ဆာဆာ ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။

ဇာတ်လမ်းက ပညာပေးချင်တယ်ဆိုတာထက် လူပိုကြည့်အောင် အညှီအဟောက် အခန်းတွေ ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။

အမြင်ဆိုတာလည်း အမျိုးမျိုးရှိနိုင်တဲ့အတွက် အခုလိုအများပြည်သူအတွက် ရိုက်ကူးထုတ်လုပ်နေတဲ့ မြန်မာ ဗီဒီယိုဇာတ်ကားတွေမှာ ထည့်မရိုက်သင့်တဲ့ အခန်းမျိုးတွေကို ထည့်ရိုက်ခြင်းအားဖြင့် မလုပ် သင့်ဘူး ဆိုတဲ့ အမြင်အပြင်၊ နည်းပေးလမ်းပြ လုပ်ပေးလိုက်တယ်ဆိုတဲ့ အမြင်မျိုးရှိနိုင်တာကိုလည်း ရိုက်ကူးထုတ်လုပ် တင်ဆက်သူတွေ သတိပြုသင့်တယ်လို့မြင်ပါတယ်။

မီဒီယာသမားတွေကိုယ်တိုင်က ကိုယ်ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားရဲ့ နောက်ဆက်တွဲကို ထည့် စဉ်းစားဖို့ လိုအပ်ပါတယ်။

တစ်လောတုန်းကလည်း မျက်လုံးလေး ကလယ်ကလယ်ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို မိသားစုနဲ့အတူ ကြည့်နေတုန်း ရီမုဒ်ကို ယူပြီး ထကျော်ခဲ့ရတယ်။

မြန်မာဗီဒီယာဇာတ်ကားကို ရီမုဒ်ကွန်ထရိုးကိုင်ပြီး ကြည့်ရတဲ့ အခြေအနေရောက်နေ ပြီလား။ မြန်မာဗီဒီယိုဇာတ်ကားတွေ ဘာကြောင့် အဲဒီလိုတွေ ဖြစ်ကုန်ကြတာပါလဲ။

ဆင်ဆာရှိတုန်းက တရားလွန်ဖြတ်တောက်ပစ်တယ်လို့ ကြားခဲ့ဖူးပါတယ်၊ အခုကျတော့ လုံးဝကို အဖြတ်အတောက်မရှိတော့ဘူးလို့ ကြားနေရပြန်ပါတယ်။ လုံးဝကို လွှတ်ပေးလိုက်တာလား။

အဲဒီလို လွှတ်ပေးလိုက်တဲ့အတွက် မောင်နဲ့နှစ်မ၊ သားနဲ့အမိ ကြည့်ဖို့မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတွေ ကို ထည့်ရိုက်လာကြတာတွေ့လာရပါတယ်။ လွတ်လပ်ခွင့်ဆိုတာကို တစ်လွဲအသုံးချနေကြလေ သလား မပြောတတ်တော့ပါဘူး။

အများပြည်သူကို ပေးသင့်တဲ့ Message ပေးဖို့အတွက် အနုပညာဆန်စွာ သိမ်သိမ်မွေ့မွေ့ မရိုက် တတ်ကြတော့ဘူးလား။

အဲဒီလို ညစ်ညမ်းဇာတ်ဝင်ခန်းတွေ ထည့်ရိုက်မှ အနုပညာမြောက်မယ်လို့ ပြောမယ်ဆိုရင်တော့… အနုပညာ ကိုခုတုံးလုပ်ပြီး အညှီအဟောက်ဇတ်လမ်းတွေနဲ့ ငွေရှာနေတဲ့သူပဲ ဖြစ်ပါလိမ့်မယ်။

အခုလို ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမှာ မြန်မာ့ရုပ်ရှင်ကလည်း ပြောင်းတော့ ပြောင်းလဲ လာတယ် တဏုာရာဂဘက်ကို ပိုပြောင်းလာတယ်ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။

တစ်လောတုန်းက နိုင်ငံတကာ သတင်းစာဆရာတွေနဲ့တွေ့ဆုံပွဲတစ်ခုမှာ ဒါရိုက်တာတစ်ဦးနဲ့တွေ့ရင်း စကားပြောဖြစ်ကြပါတယ်။

လက်ရှိ သရုပ်ဆောင်တွေရဲ့ အ၀တ်အစားတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေအကြောင်းတွေကို ပြောဖြစ်တော့ မြန်မာပြည်က မင်းသမီးတွေနဲ့ သရုပ်ဆောင်တွေ ၀တ်နေတဲ့ တိုတိုပြတ်ပြတ် ဒီဇိုင်းတွေက ဖွံ့ဖြိုး နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာတော့ Sex worker တွေ ၀တ်တဲ့ ဒီဇိုင်းတွေ ဖြစ်နေတယ်လို့ ပြောဆို ကြတာလည်း ကြားဖူးခဲ့ပါတယ်။

သူများနိုင်ငံတွေက Sex workerတွေရဲ့ တိုတိုပြတ်ပြတ်နဲ့ ခန္ဓာကိုယ် ဖော်နေတဲ့ ဒီဇိုင်းတွေကို ကျွန်မတို့ တိုင်းပြည်က သရုပ်ဆောင်မင်းသမီးတွေ ဘာဖြစ်လို့ အတုခိုးပြီး ၀တ်ကြသလဲ ဆိုတာလည်း ကျွန်မ တော့ စဉ်းစားလို့မရပါဘူး။

တကယ်တော့ မီဒီယာလောကသားတွေဆိုတာ အများပြည်သူအတွက်(၀ါ)လောကကောင်းကျိုး အတွက် ကောင်းရာ မွန်ရာကို လမ်းပြတွန်းပို့ပေးရမဲ့ သူတွေပါ။ ဆိုးယုတ်မှုတွေကို တားဆီးနိုင်ဖို့နဲ့ ကောင်းမြတ်တဲ့ လောကတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြု တွန်းပို့ပေးဖို့ဆိုတာ မီဒီယာတွေရဲ့ တာဝန်ပါ။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။

0 comments:

Post a Comment