ကမ္ဘာတစ်လွှား နိုင်ငံများတွင် ကလေး အလုပ်သမားများကို အနိုင်အထက် ပြုကျင့်မှု အဆိုးရွားဆုံးနိုင်ငံ စာရင်း၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) ၏ သုတေသန စာရင်းတွင် ဖော်ပြထားသည်။ ကလေး လုပ်သားများကို အနိုင်အထက် ပြုမှု အဆိုးရွားဆုံး နိုင်ငံများဖြစ်သော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဘရွန်ဒီ၊ ပါကစ္စတန်နှင့် အီသီယိုပီးယား နိုင်ငံတို့၏ ထိပ်တွင် မြန်မာနိုင်ငံက ရပ်တည် နေခြင်း ဖြစ်သည်။
သမိုင်းတစ်လျှောက် ယခုအချိန်သည် မြန်မာနိုင်ငံရှိ ကလေး လုပ်သားများ အတွက် စွန်စားရမှုနှင့် အန္တရာယ်ရှိမှုတို့မှ ကာကွယ်ပေးရန် အဓိကျသောကာလ ဖြစ်နေကြောင်း ယူနီဆက်ဖ်က ပြောကြားလိုက်ပြီး နိုင်ငံတကာ အကူအညီများကိုလည်း ဖိတ်ခေါ်လိုက်သည်။ စစ်အစိုးရအုပ်စိုးစဉ် နှစ်ပေါင်းများစွာအတွင်း ကလေးလုပ်သား အရေးကိစ္စ ဆွေးနွေးမှုသည် တင်းကျပ်သော ပိတ်ပင်မှုတစ်ခု ဖြစ်ခဲ့သော်လည်း အစိုးရ သစ်သည် ပြုပြင်ပြောင်းလဲမှုများ အတွက် စိတ်ဆန္ဒရှိလာနေပြီး မိသားစုကို ထောက်ပံ့ရန် အလုပ်လုပ် ကိုင်နေရသော ကလေးများအတွက် ကာကွယ် စောင့်ရှောက်မှုများ ဆောင်ရွက်လာဖွယ် ရှိသည်။
မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်နှင့် အလုပ်ချိန်ကြာမြင့်သော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရပြီး အပန်းဖြေ အနားယူရန်နှင့် ဆော့ကစားရန် အခွင့်အလမ်းများ နည်းပါးနေကြောင်း ယူနီဆက်ဖ် သုံးသပ်သည်။ မိသားစု ဆင်းရဲနွမ်းပါး၍ လုပ်ငန်းခွင် ဝင်ရောက်နေရသော ကလေးငယ်များ၏ အဓိက ချို့ယွင်းချက်မှာ ကျောင်းပညာ သင်ယူမှု အခွင့်အလမ်း ဆုံးရှုံးနေရခြင်းဖြစ်ပြီး အခြေခံပညာ မူလတန်းအဆင့်၌ ကျောင်းများကို စွန့်ခွာနေသော မြန်မာကျောင်းသား ဦးရေသည် နှစ်စဉ် ငါးသိန်းကျော် ရှိနေသည်။
“၁၈ နှစ်အောက်ကလေးတွေ အလုပ်မလုပ်ရဘူး။ ကျောင်းမှာ စာသင်နေရမယ်ဆိုတဲ့ သတ်မှတ်ချက်က ဆင်းရဲတဲ့ နိုင်ငံတွေမှာ ယုတ္တမတန်ဘူး။ ကျေးရွာတွေက ယာထဲမှာ လယ်လုပ်နေတဲ့ ကလေးတွေ မြို့ပေါ်က စားသောက်ဆိုင်မှာ စားပွဲထိုးနေတဲ့ ကလေးတွေ၊ လိုင်းကားတွေမှာ စပယ်ယာလိုက်နေတဲ့ ကလေးတွေ ရှိနေပါတယ်” ဟု ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။ မိသားစုဖူလုံဖို့ လုပ်နေကြရတာ ဖြစ်တဲ့အတွက် ကလေးတွေ အလုပ်လုပ်တာ ပြဿနာ မဟုတ်ဘူး။ တကယ်တမ်း အလုပ်လုပ်တဲ့အတွက် စာသင်ခွင့်မရတာ ပြဿနာ ဖြစ်နေတယ်။ ပညာရေးစနစ်အရ ကလေးတွေက ကျောင်းကိုသွားနေရတယ်။ လုပ်ငန်းခွင်ထဲက ကလေးတွေအတွက် ကျောင်းတွေက ကလေးတွေရှိတဲ့နေကို သွားရပါမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လုပ်ငန်းခွင် ဆောလျင်စွာ ဝင်ရောက် လုပ်ကိုင်နေရသော ကလေးများအတွက် ပညာသင်ယူခွင့်မှာ အဓိက လိုအပ်ချက်တစ်ခု ဖြစ်နေပြီး လုပ်ငန်းခွင်မှ ကလေးများ စာသင်ကြားခွင့် ရရှိရန် အလေးပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။ မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန ယူနီဆက်နှင့် ပုဂ္ဂလိက အလှူရှင်များသည် မြို့နယ်ပေါင်း ၇၀ ကျော်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်များ လှုပ်ရှားဆောင်ရွက် နေသော်လည်း သင်တန်းသား ကလေးငယ်များ စုဆောင်းခြင်းနှင့် ပညာသင်နှစ် ကုန်ဆုံးအောင် ထိန်းထားခြင်းတို့အတွက် အခက်အခဲ ကြီးမားနေကြောင်း တာဝန်ရှိသူများက ဆိုသည်။
“မသင်မနေရ ပညာရေးဥပဒေ သတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတဲ့ အတွက် ကလေးတွေ အလုပ်လုပ် ခိုင်းတာ အရေးယူလို့မရတာတွေ ရှိနေတယ်။ မိဘဆင်းရဲတဲ့ အတွက် ကလေးကို အလုပ် လုပ်ခိုင်းရတာ ဖြစ်လို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အသက်အရွယ် ကြီးရင့်လာတဲ့ အဘိုးအဘွားတွေကို ကလေးတွေက ရှာဖွေကျွေးမွေး စောင့်ရှောက်နေရတဲ့ အတွက် လူမှုဖူလုံရေး အစီအစဉ်တွေ ဖြစ်လိုဖို့လည်း လိုအပ် နေပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးဆိုင်ရာ ညီလာခံမှာတော့ အလယ် တန်းအထိ မသင်မနေရ ပညာရေး ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက်မှ ဒေါ်တာသိန်းလွင်က ပြောသည်။
မြန်မာနိုင်ငံရှိ ကလေး လုပ်သားများသည် ပညာသင်ယူရန် အခွင့်အလမ်းများ ဆုံးရှုံးနေသလို ကျန်းမာရေး ထိခိုက်နိုင်သော လုပ်ငန်းခွင်နှင့် အသက်အန္တရာယ် ရှိစေသော လုပ်ငန်းခွင်တို့တွင် လုပ်ကိုင်နေရခြင်းများ ရှိနေပြီး လုပ်ခလစာနှင့် အလုပ်ချိန် သတ်မှတ်ချက်များလည်း လိုအပ်နေသည်။ “ကလေးတွေကို အလုပ်လုပ် ခွင့်မပေးတော့ လုပ်ခလစာ သတ်မှတ်ခွင့်လည်း မရှိတော့ဘူး။ ကလေးတွေကို ကျန်းမာရေး ထိခိုက်စေတဲ့ လုပ်ငန်းခွင်တွေ၊ အသက်အန္တရာယ် ဖြစ်စေမယ့် လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်စေတာ ကတော့ မတရားပါဘူး” ဟု ဒေါက်တာ အောင်ထွန်းသက်က သုံးသပ်ပြောသည်။
Credit: 7Day Daily Newspaper, Photo: AFP
0 comments:
Post a Comment