မော်ဒယ်လ် သရုပ်ဆောင် ရွှေစင်တစ်ယောက် မေလ ၃၀ ရက်က ပြင်ဦးလွင်မြို့မှာ ဇာတ်ဝင်ခန်းအတွက် ဆိုင်ကယ်စီးရင်း မတော်တဆ ဖြစ်တာနဲ့ ပဒူကောင် အကိုက်ခံခဲ့ရကြောင်း သိရပါတယ်။ “ချစ်သူလူစိမ်း” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ မောင်မောင်မြင့်လွင်က သူထူးစံ၊ ရွှေစင်တို့နဲ့ မေလ ၃၀ ရက်နေ့က ပြင်ဦးလွင်မြို့မှာ ရိုက်ကူးနေရင်းနဲ့ ဖြစ်တာပါ။ ဆိုင်ကယ် မတော်တဆ ဖြစ်တာက ဇာတ်ဝင်ခန်းထဲမှာ ရွှေစင်က ဆိုင်ကယ်စီးတဲ့အခါ သူထူးစံက ဆိုင်ကယ်ပေါ်ကို ပြေးအတက်၊ ရွှေစင်က လဲမှာစိုးလို့ ဖြည်းဖြည်းမောင်းနေရင်းနဲ့ ရွှေစင်ရဲ့ ခြေထောက်မှာ သွေးခြေဥ ဖြစ်သွားပြီး မတော်တဆ ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်။ ဒဏ်ရာကို ဆေးခန်းပြန်ပြပြီး ခြေထောက်က ဒဏ်ရာနဲ့ ဇာတ်ကား ဆက်ရိုက်ဖြစ်ခဲ့တယ်။ နောက်ဇာတ်ဝင်ခန်းက ပွဲကောက် ရေတံခွန်မှာ ရိုက်တဲ့အခါ ပဒူကောင် ကိုက်ခံခဲ့ရတာပါ။ ဇာတ်ဝင်ခန်းထဲမှာ မိုင်းခွဲလို့ ရွှေစင်က ကြောက်ရွံပြီး ကျောက်ဆောင်ပေါ်မှာ ဝပ်ချလိုက်တယ်။ ပြီးတော့ ကျောက်တောင်အောက်ကို ပတ်အပြေးမှာ အောက်တည့်တည့်က ပဒူတွင်းကြီး ရှိနေတာကို မသိဘူး။ ပဒူကောင်ကလည်း မိုင်းခွဲသံတွေနဲ့ မီးခိုးတွေကြောင့် တွင်းထဲကနေ အုပ်စုလိုက် ထွက်လာကြတာလေ။ ရွှေစင်ကလည်း ကျောက်တောင်အောက်က သူတို့တွင်းပေါက် တည့်တည့်ကို ရောက်နေတဲ့အချိန်မှာ အကိုက်ခံလိုက်ရတာ။ တော်သေးတာက မျက်နှာမှာ အကိုက်မခံရဘဲနဲ့ လက်ကို ပဒူကောင် ငါးကောင် ဝိုင်းအုံ ကိုက်လိုက်ကြတယ်။ အဲဒီအချိန်မှာ ဇာတ်ဝင်ခန်းလည်း မပြီးသေးတော့ အဲဒီငါးကောင်ကို မခါဘဲနဲ့ ကင်မရာဆုံးတဲ့အထိ ဇာတ်ဝင်ခန်း ပြီးအောင် ရိုက်ခဲ့ရတယ်။ ပြီးလည်းပြီးရော လက်က အရမ်းနာလာပြီး ပရိသတ်တွေရှေ့မှာ ငိုခဲ့ရတယ်။ ရိုက်ကွင်း တစ်ဖွဲ့လုံးကလည်း ဂရုတစိုက် ဆေးကုပေးခဲ့ကြပါတယ်။ ညပိုင်းလည်း ရောက်ရော လက်က အရမ်းနာလာပြီး လက်တစ်ခုလုံး အောင့်တက်လာတာနဲ့ မန္တလေးမြို့ အထူးကု ဆေးခန်းမှာ ပြသခဲ့ပါတယ်။ နှစ်ရက်လောက် လက်မှာ အပေါက်လေးတွေဖြစ်ပြီး အခုတော့ သက်သာသွားပါပြီ။
TMZ
8Day News
0 comments:
Post a Comment