Saturday, May 18, 2013

ပိုင်ဆိုင်သမျှ စည်းစိမ် တစ်ဝက်ကို လှူဒါန်းမည့် ကမ္ဘာ့ အငယ်ဆုံး ဘီလျံနာ အမျိုးသမီး

 


Spanx အမျိုးသမီး အ၀တ်အထည် ကုမ္ပဏီ ပိုင်ရှင် ဆာရာ ဘလိတ်ကလီ ဆိုသူ ကမ္ဘာ့ အငယ်ဆုံး ဘီလျံနာ အမျိုးသမီးသည် အမေရိကန် ဒေါ်လာ တစ်ဘီလီယံကို ပိုင်ဆိုင် ထားသူ ဖြစ်ပြီး သူမ၏ စည်းစိမ် တစ်ဝက်ကို လူမှုရေး လုပ်ငန်းများသို့ လှူဒါန်း သွားမည်ဟု ကတိပေး ပြောကြားခဲ့ကြောင်း ဗြိတိသျှ သတင်းစာကြီး တစ်စောင်က ဖော်ပြခဲ့သည်။

ဘလိတ်ကလီသည် Spanx ကုမ္ပဏီကို တစ်ဦးတည်း ပိုင်ဆိုင်ထားသူ ဖြစ်ပြီး Forbes မဂ္ဂဇင်းက ရွေးချယ်သော အမေရိကန် နိုင်ငံ၏ သြဇာ တိက္ကမ ကြီးမားသည့် မိခင် ၅၀ ဦး စာရင်းတွင် ထိပ်ဆုံး နေရာ၌ ရပ်တည်ခဲ့သည်။

ထို့အပြင် Microsoft တည်ထောင်သူ ဘေလ်ဂိတ်နှင့် ၎င်း၏ဇနီး မယ်လင်ဒါ တို့က သူမအား ၎င်းတို့၏ Giving Pledge အဖွဲ့အစည်းသို့ ငွေကြေး လှူဒါန်းရန် တိုက်တွန်းခဲ့ရာ ဘလိတ် ကလီက လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။

Giving Pledge အဖွဲ့အစည်းတွင် ပါဝင်လျက် ရှိသည့် အခြား ဘီလျံနာ များမှာ Virgin ကုမ္ပဏီကို တည်ထောင်သူ ဆာရစ်ချက် ဘရန်ဆန်၊ ဖေ့စ်ဘွတ်ခ် ၀က်ဘ်ဆိုက် တည်ထောင်သူ မာ့ခ်ဇက်ခါဘာ့ဂ်နှင့် နယူးယောက် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘာ့ဂ်တို့ ဖြစ်သည်။

ဘလိတ် ကလီသည် Giving Pledge အဖွဲ့ အစည်းနှင့် ချိတ်ဆက်ပြီးနောက် သူမ၏ သဒ္ဓါတရား စိတ်ထက်သန် မှုကို သားဖြစ်သူက သူမအား နားလည် စေလိုသောကြောင့် သူမ၏ စည်းစိမ် တစ်ဝက်ကို လှူဒါန်းမည့် အကြောင်း သုံးနှစ်သား အရွယ် သားဖြစ်သူ လေဇာအား အသိပေးသော အခါ သားဖြစ်သူက လက်ခံကြောင်း ပြောကြားခဲ့သည်။

သူမသည် အမေရိကန် ရက်ပ်အဆိုတော် ဂျက်ဆီအစ်ဇလာနှင့် လက်ထပ်ထားသူ ဖြစ်ပြီး ချို့တဲ့သော အမျိုးသမီး ငယ်လေးများကို ထောက်ပံ့ရန် ဆန္ဒ ရှိနေသူ တစ်ဦးဖြစ်သည်။

အလားတူ ဘလိတ်ကလီသည် လူမည်း အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် အော်ဖရာဝင်း ဖရေး၏ Leadership Academy အဖွဲ့အစည်းသို့ အမေရိကန် ဒေါ်လာတစ်သန်း လှူဒါန်း ခဲ့သည်။ Leadership Academy အဖွဲ့အစည်းသည် တောင်အာဖရိကမှ မိန်းကလေးများ အတွက် ပညာသင် စရိတ် ထောက်ပံ့ပေးသော အဖွဲ့အစည်းကြီး ဖြစ်သည်။

0 comments:

Post a Comment