Monday, May 20, 2013

““ စစ်သားလည်း လူပါပဲ ”” ဘုန်းကျာ် (ၾသစေတ်းလ်)


““ စစ်သားလည်း လူပါပဲ ”” ဘုန်းကျာ် (ၾသစေတ်းလ်)

မြန်မာနိုင်ငံမှာ စစ်သည်လေးသိန်းနီးပါးရှိတယ်လို့ သိရတယ်။ စာရင်းအတိအကျတော့ တစ်ခါမှ မမြင်ဘူးပါ။

စစ်သည်လေးသိန်းမှာ အနဲဆုံးတစ်သိန်းလောက် အိမ်ထောင်သည်တွေဖြစ်ဖို့ များပါတယ်။ ဘာ့ကြောင့်ဒီလိုကောက်ချက် ဆွဲလဲဆိုတော့ တပ်ထဲက စစ်သားလေးယောက်မှာ တစ်ယောက်က အနဲဆုံး အိမ်ထောင်သည်ဖြစ်လို့ ပါပဲ။

အိမ်ထောင်သည်ဆိုတော့ ခလေးတွေလည်းရှိပါတယ်။ စစ်သား သားသမီးလေးသိန်း ပဲရှိတယ်လို့ သတ်မှတ်ပါစို့ ။ ဒီလေးသိန်းသော အင်အားဟာ ဘယ်မှာကျောင်းတက်လဲ၊ ပြီးတော့ ဘယ်လိုအဆင့်မြင်ပညာတွေသင်ရ လဲဆိုတာကိုလေ့လာကြည့်တော့ သူတို့ ရဲ့ အဆင့်မြင့်ပညာရေးဟာ တပ်ထဲက အလယ်တန်းကျောင်းမှာတင်ကုန်ဆုံးပါတယ်။ တက္ကသိုလ်ထိရောက်တဲ့ စစ်သားသမီးဟာလက်ချိုးရေလို့ ရသလို၊ နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ ပညာသင် ကြားနေတဲ့ စစ်သားသမီးတွေဟာလည်း မရှိသလောက်ပါပဲ။

တွေ့ ခဲ့ဘူးတဲ့ နိုင်ငံခြားမှာပညာသင်ကြားနေတဲ့ စစ်သားသားသမီးဆိုလို့ ဗိုလ်ချုပ်အဆင့်ရှိတဲ့ သားတွေသမီးတွေ ကိုပဲတွေ့ ရတယ်။ သူတို့ အပြင် ညွန်မှုးသားသမီးနဲ့ စက်ရုံမှုး သားသမီးတွေကိုလည်း တွေ့ ရတယ်။ စစ်သားဟာ ၀န်ထမ်းဖြစ်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေလည်းဝန်ထမ်းဖြစ်သလို၊ အရပ်ဘက်က မန်နေဂျာက စလို ညွန်မှုးတွေလည်း ၀န်ထမ်းတွေပါပဲ။ ၀န်ထမ်းခြင်းတူပေမဲ့ ဘာ့ကြောင့်များ အောက်ခြေက စစ်သားသားသမီးတွေဟာ သူတို့ လိုအဆင်မြင့်ပညာတွေ သင်ဖို့ အခွင့်မလန်းမရတာလဲ။ သင်ရဖို့ နေနေသာသာ ၁၀-တန်းတောင် မအောင်တာများ ပါတယ်။

ဒီအင်အားစုတွေဟာလည်း တိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့ လူသားတွေပါ။ ဒါပေမဲ့ သူတို့ အဖေတွေ ဟာ ရာထူးနဲ့ လုပ်ပိုင်ခွင့်မရှိတော့ အားလုံးသိတဲ့အတိုင်း စုတ်ပြတ်ပြီးနေရပါတယ်။

ယနေ့ အချိန်အထိ တပ်ထဲက စစ်သားသားသမီးတွေကို မည်သည့်နိုင်ငံရေးသမားကမှ သူတို့ ဘ၀တွေအတွက် ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်တာကို မတွေ့ ခဲ့ဘူး။ အပြင်ကအရပ်သားတွေ အတွက်ကမှ ပိုလို့ ရွေးချယ်စရာ အခွင့်အလမ်းများနေတယ်။ ဒီနေရာမှာ အရပ်သားလည်း လူပဲ။ စစ်သားလည်း လူပဲ။ လူချင်းတူပေမဲ့ စစ်တပ်ကို မုန်းတီးမှု့  များနေတော့ ဘာမှမဆိုင်တဲ့ စစ်သားသားသမီးတွေဟာ ကြားမှာမြေဇာပင်ဖြစ်တာပဲအဖတ်တင်တယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေကို မြှင့်တင်ဖို့ ကျိုးစားတဲ့ စစ်ဗိုလ်လည်း မရှိခဲ့ဘူး။

သူတို့ သားသမီးတွေ နိုင်ငံခြားမှာပညာသင်ဖို့ လောက်ပဲ သိတယ်။ နိုင်ငံရေးသမားထောင်ထွက်တွေရဲ့ သားသမီးတွေကို နိုင်ငံခြားကို ပို့ နိုင်အောင်လော်ဘီလုပ်တဲ့ နိုင်ငံရေးသမားပဲတွေ့ တယ်။ ခွဲခြားဆက်ဆံခံရတဲ့အထဲမှာ အဓိကလူတွေက တော့ တပ်ထဲက ကျောင်းမှာတက်နေတဲ့ ခလေးတွေပဲ။
တပ်ထဲကနေရာအတော်များများကို မြန်မာပြည်ရောက်တုန်းလေ့လာခဲ့
တယ်။ တပ်ဆိုတာ မြို့ ပေါ်မှာတည်နေ တဲ့တပ်က အင်မတန်ရှားပါတယ်။ အထိုင်တပ်လောက်ပဲရှိတယ်။

ဒီတော့ တောထဲမှာနေ တောထဲမှာပဲ ဘ၀ကို အဆုံးသတ် ရပါတော့တယ်။
သံတောင်က တပ်ကြပ်ကြီးနဲ့ တွေ့ တော့ သူကခြေထောက်ပြတ်နေတယ်။ တပ်က ပေးမထွက်လို့ ၊ရခိုင်ဘက်ကို ရွှေ့ရတယ်။ ခြေထောက်ပြတ်နေတော့ ရှေ့ တန်းမှာ အသုံးမ၀င်ဘူး။ ဒီတော့ သူ့ ကို ရခိုင်ဘက်က တပ်က တပ်တွင်းဆံသ ဆိုင်မှာ တာဝန်ပေးတယ်။

စစ်တိုက်တော်တဲ့ တပ်ကြပ်ကြီး ဆံပင်ညှပ်သမားလုပ်ပေါ့တဲ့။ ဘာဆိုင်လို့ လဲ။ ဘာမှမဆိုင်။ ဒါပေမဲ့ စစ်သားဆိုတော့ ညှပ်ဆိုတော့လည်း ညှပ်ပါတယ်။ ပြောင်းဆိုတော့လည်းပြောင်းပါတယ်။
သူနဲ့ အတူ ၁၂-နှစ်အရွယ် ခလေးနှစ်ယောက်နဲ့ ပိန်လှီနေတဲ့ မိန်းမလည်း ရောင်နောက် ဆံထုံးပါ ပြောင်းရပါတယ်။ ပြောင်းရွှေ့ စရိတ်ကို ခဏချေးငှားပြီးသုံးလို့ ဆိုပြီး တပ်ရေးဗိုလ်ကြီးကပြောတော့ သူ့ မိန်းမခင်ဗျာ..... အမျိုးတွေဆီကို ပြေးပြီး ချေးငှားရတော့တယ်။

ချေးလို့ ရတဲ့မြန်မာငွေငါးသောင်းနဲ့ ရခိုင်ပြည်နယ်ဘက်ကို သူတို့ မိသားစု သံသေတ္တာအဟောင်းလေးသုံးလုံးကို ထမ်းပြီး၊ ပြောင်းရတဲ့နေ့ ကဆိုရင် မျက်ရည်တောင်ဆို့ ကြတယ်။

ဒီမှာတင် ခလေးနှစ်ယောက်ရဲ့ ပညာရေးက တို့ လို့ တန်းလန်းနဲ့ ။ ရခိုင်ရောက်ရင် အသစ်ကပြန်စကြရအုံးမဲ့ ပညာ ရေးပါ။ သူတို့ ခလေးတွေရဲ့ ပညာရေးကို တပ်ကြပ်ကြီးက အဓိကမစဉ်းစားအားဘူး။ ဟိုရောက်ရင် ထမင်းကောနပ် မှန်ပါ့ မလားဆိုတာကိုပဲ သူတို့ အဓိကစဉ်းစားကြတယ်။

သူ့ လို စစ်သားတွေ အများအပြား ဟိုပြောင်းရ ဒီပြောင်းရဖြစ်တာ အပြင်၊ ရှေ့ တန်းမှာ ကျသွားတဲ့ ရဲဘော်တွေရဲ့  သားသမီးတွေ ဆိုရင် ကျောင်းတက်မှန်ဖို့ နေနေသာ တပ်တွင်းလိုင်းကနေ အမြန်မပြောင်းရရေးကိုသာ ဆုတောင်းကြပါ တယ်။ အပြင်မှာနေစရာအိမ်မှ မရှိတာ။ တပ်ထဲမှာ လိုင်းခန်းတွေလွတ်နေတာ အတော်များတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်သားတွေနဲလာလို့ ပါ။

တပ်ရေးဗိုလ်ကြီးလို့ ခေါ်တဲ့ အသက်နှစ်ဆယ်ကျော် သုံးပွင့်နဲ့ လူငယ်လေးဟာ တပ်မှုးလိုဖြစ်နေတဲ့တပ်တွေများလာပြီ။ တပ်မှုးက ဘယ်ရောက်သွားလဲလို့ မေးတော့ တပ်မှုးက တပ်ကိုအုပ်ချုပ်ဖို့ နေ့ တိုင်းမအားဘူးလို့ ပြောတော့ ဒီတပ်မှ မပျက် ရင် ဘယ်တပ်ကပျက်မှာလဲ။

ခလေးတွေရဲ့ ပညာရေးနဲ့ ဘ၀တိုးတက်ရေးမပြောနဲ့ ။ ရဲဘော်တွေရဲ့ ယူနီဖောင်းတောင် မမှန် တာအားလုံးအသိပဲ။ ဒါပေမဲ့ ဒီအခြေအနေကိုတိုးတက်အောင် ဘယ်သူကမှ မပြင်ကြပါဘူး။

နိုင်ငံခြားက စစ်သားတွေကိုတွေ့ ဘူးတယ်။ ရှေ့ တန်းမှာ ကျသွားရင် ကျန်ရစ်သူတွေကောင်းစားပါတယ်။ ခလေး တွေရဲ့ ပညာရေးကို အစိုးရကဘွဲ့ ရတဲ့အထိတာဝန်ယူပေးသလို၊ စားဝတ်နေရေးအတွက်လည်း ပင်စင်က လောက်ပါတယ်။

တပ်ထဲမှာ တက်ကျွမ်းတဲ့ပညာကိုလည်း အပြင်မှာအသိအမှတ်ပြုအောင်လုပ်ပေး ထားတော့ လက်သမားလုပ် တက်တဲ့ ဆရာကြီးဟာ တပ်ကထွက်ရင် အပြင်လောကမှာ အလုပ်ကောင်းကောင်းရပါတယ်။

ဒါပေမဲ့ မြန်မာပြည်က စစ်တပ်ကတော့ တွေးကြည့်ရင် ရင်နာလို့ မဆုံးဘူး။
တော်လှန်ရေးပလိတ်လို့ ခေါ်တဲ့ တပ်မတော်နေ့ မှာတော့ နိုင်ငံခြား လုပ်တင့်ကားတွေ၊ ဒုံးကျည်တွေကို ကြွားရတာလည်း အားလုံး အသိပါ။ နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ အတိုက် အခံခေါင်းဆောင်ကြီးတွေကတော့ ရှေ့ ဆုံးခုံမှာ တခဏ်းတနား နဲ့ လက်ခုတ်တွေတီးပါတယ်။ သူတို့ က ဒါပဲမြင်တာကိုး။

သူတို့ မမြင်တာက တော်လှန်ရေးပလိတ်မှာ သုံးလေးငါးလ မိသားစုကိုပြစ်ပြီး၊ ယူနီဖောင်းနှစ်စုံလောက်ရဖို့  အတွက် နေပူထဲမှာလေ့ကျင့်ရတာကိုပါ။ မလုပ်ချင်လည်း လုပ်ရတယ်။

ညဘက် ကင်းစောင့်နေတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုကြည့်တော့ အားလုံးက မူးနေပြီ။ အရာရှိတွေဘယ်ရောက် သွားလဲဆိုတော့ ဂျော်နီဝက်ကားနဲ့ ဖဲရိုက်လို့ ကောင်းနေတယ်။ ဒီပုံနဲ့ ဒီတပ်မှ မပျက်စီးရင် ဘယ်တပ်ကပျက်အုံးမှာလဲ။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ စပ်ဖြဲဖြဲနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကို ခန်းခန်းနားနား နဲ့ လက်ဆွဲနုတ်ဆက် နေတဲ့အချိန်မှာ အောက်ခြေက ရဲဘော်၊ ရဲဘော်မယားနဲ့ သူတို့ သားသမီးတွေဟာ ကျောင်းမမှန်၊ အစားအသောက်မမှန်နဲ့  ပိန်လိန်နေတဲ့ ရုပ်တွေဖြစ်လို့ ဗျာ။ တပ်ထဲကကျောင်းမှာ သင်နေတဲ့ဆရာမတွေကိုကြည့်တော့လည်း ပိန်လိန်ပြီး၊ ရုပ်က မွဲခြောက်ခြောက်နဲ့ ။

ဝန်ထမ်းတိုင်းဟာ လခစားတွေဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ အလုပ်ကြတဲ့လူချည်းပါပဲ။ တာဝန်ကြီးတာနဲ့ ငယ်တာပဲ ကွာပါတယ်။ သူပုန်အချို့ ကတော့ စစ်သားတွေကို ကြေးစားစစ်သားလို့ နှိမ်ပြီးခေါ်တယ်။

အားလုံးသောလူတိုင်းဟာ ထမင်းစားရဖို့ ကြေးမစားရင် ချီးစားရမှာလို့ မေးရတော့မလိုပဲ။
လူတိုင်းမှာမျှော်လင့်ချက်နဲ့ အသက်ရှင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်ကြီးပျင်းခဲ့ရတဲ့ တပ်ထဲက မိသားစု တွေရဲ့ ဘ၀ဟာ မျှော်လင့်ချက်မဲ့နေတဲ့ လောကကြီးပါဗျာ။ခင်ဗျားတို့ အားလုံး တစ်ချက်လောက်တော့ လှည့်ကြည့် ပေးပါ လို့ တိုက်တွင်းပါရစေ။

ဘုန်းကျာ် (ၾသစေတ်းလ်) Tawwat Wat ရေးသားသည့် ဆောင်းပါး၊ မေလ ၁၉ ရက်နေ့ထုတ် 7Day Daily သတင်းစာ။

0 comments:

Post a Comment