Wednesday, May 15, 2013

မူပြောင်း လူကောင်းစေလိုသည်

မေလ ၃ ရက်နေ့ထုတ် သတင်းစာ တစ်စောင်မှာ အင်္ဂလိပ်စာကို အခြေခံပညာ တတိယတန်းက စတင်ပြီး သင်ပေးတော့မယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ ပညာရေး ဝန်ကြီးဌာနရဲ့ အမည်မဖော်ပြတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ဆိုသူက ပြောကြောင်း ဆိုပြီး ပါလာတော့မှ မရေရာတဲ့ အကြောင်း ကို မရေရာတဲ့ လူတစ်ယောက်ကပြောတာ ပါလားဆိုပြီး သက်ပြင်းချလိုက်မိတယ်။

တစ်ချိန်က အင်္ဂလိပ်စာကို ၅ တန်း ရောက်မှ စသင်ခဲ့တာ မှတ်မိပါသေးတယ်။ တော်လှန်ရေးကောင်စီ ခေတ်မှာ ပညာသင် ကျောင်းတွေကို ပြည်သူပိုင်သိမ်း၊ ပညာရေး စနစ်ကြီး တစ်ခုလုံးကိုလည်း သိမ်းပိုက်ပြီး စစ်ဗိုလ်တွေ အလိုကျ ဖြည့်ဆည်းပေးတတ်တဲ့ လက်ညှိုးထောင် ခေါင်းညိတ်သမား တွေကြောင့် ပညာရေးလောကကြီး တစ်ခုလုံး ရစရာမရှိလောက်အောင် ဝေဖန်ခံခဲ့ရ တယ်ဆိုတာ မမေ့သင့်ပါဘူး။

အင်္ဂလိပ်စာကို ၅ တန်းရောက်မှ စသင်၊ တက္ကသိုလ်မှာသင်တဲ့ အင်္ဂလိပ်စာ တွေကိုလည်း မြန်မာလို သင်ရမယ်ဆိုပြီး ထွင်၊ နောက်ဆုံး ဟိုမရောက် သည်မရောက် တောင်မင်း မြောက်မင်း မကယ်နိုင်သလို ဖြစ်မှ ဒီအတိုင်း လျစ်လျူရှုထားလိုက်တော့ တက္ကသိုလ်ရောက်တာတောင် အင်္ဂလိပ်လို ရေးနိုင်ဖို့ နေနေသာသာ မဖတ်နိုင်တာတွေ အများကြီးဖြစ်လာတယ်။

ကမ္ဘာ့အဆင့် နေနေသာသာ အာရှ အဆင့်တောင် အင်္ဂလိပ်လို လိုက်မမီခဲ့တာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ယှဉ်ကြည့်ရင် အသိသာကြီးပါ။ အိန္ဒိယသားတွေက အင်တာနက်၊ အိုင်တီနဲ့ အင်္ဂလိပ်စာဆိုတဲ့ “အ” သုံးလုံးကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး အမေရိကန်မှာ လူတွင်ကျယ်တွေဖြစ်၊ ဆီလီကွန် တောင်ကြားမှာ နေရာယူနေချိန်မှာ ကျွန်တော်တို့ မြန်မာတွေရဲ့ ပညာရေး အဆင့်အတန်းက ဘယ်ကြားမှတောင် တန်းမဝင်နိုင်သေးတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။

အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတွေမှာ အင်္ဂလိပ်စာကို ၃ တန်းရောက်မှ သင်တာ ပြဿနာမဟုတ်ပါဘူး။ စာနဲ့စကား ဆက်စပ်နေတာကြောင့် လိုက်ရလွယ်ကူနိုင်ပါတယ်။ မြန်မာစကားပြောတဲ့ နိုင်ငံမှာ ငယ်ငယ်လေး ကတည်းက အင်္ဂလိပ်လို သိလာတတ်လာရင်ရော ဘာဖြစ်သလဲဗျာ။ တတိယတန်းရောက် မှ အင်္ဂလိပ်လိုသင်လို့ ပြောလိုက်တော့ မိဘတွေ ကရော ဒီအတိုင်း လွှတ်ထားလိမ့်မယ် ထင်သလား၊ ပုဂ္ဂလိကကျောင်းတွေက ဒီသတင်းကို လက်ခမောင်းခတ်ပြီး ဗိုက်ထဲ က ကလေးကို အင်္ဂလိပ်လို လာသင်ပေးမယ် လို့ လုပ်ကြမှာ မြင်ယောင်သေးတော့တယ်။

လက်ရှိအခြေခံပညာ ကျောင်းတွေ က အင်္ဂလိပ်စာသင်ကြားမှု ညံ့ဖျင်းလို့ ၁၀ တန်းအောင်ပြီးမှ အင်္ဂလိပ်စကားပြော သင်တန်းပြန်တက် နေရတာတွေ၊ မိဘတွေ ကိုယ်တိုင် နွေကျောင်းပိတ်ချိန်မှာ ပုဂ္ဂလိက ကျောင်းတွေမှာ အင်္ဂလိပ်လို သွားသင်ခိုင်း နေတာတွေ၊ အစိုးရကျောင်း ဆင်းလာရင် အင်္ဂလိပ်စာ မတတ်တာကြောင့် ငယ်ငယ်လေး ကတည်းက အင်္ဂလိပ်လိုသင်တဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ ငွေကုန်ခံပြီး သွားထား နေကြတာတွေဟာ ပညာရေးစနစ်ကြီးရဲ့ စမ်းသပ်လို့ မဆုံးနိုင်တဲ့ ရလဒ်တွေကြောင့် မဟုတ်ပါလား။ ပညာရေးဆိုတာ စိတ်ကူး ပေါက်ပြီး စမ်းသပ်ချင်တာကို မဖြစ်ဖြစ်အောင် လိုက်လုပ်ပေးနေဖို့ မဟုတ်ပါဘူး။ ကမ္ဘာနဲ့ ယှဉ်ကြည့်နိုင်ရမယ်။ နိုင်ငံတကာ အဆင့်ဖြစ်အောင် လုပ်နိုင်ရ ပါလိမ့်မယ်။ ကိုယ့်နိုင်ငံက လူငယ်တွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် လုပ်ပေးနိုင်ရ ပါလိမ့်မယ်။

နိုင်ငံတကာနဲ့ယှဉ်ပြီး ပညာရေးကို တိုးတက်အောင် လုပ်စေချင်ပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန်ဆိုတာ ပြည်တွင်းမှာပဲ လူတွင်ကျယ် လုပ်ကောင်း လုပ်နိုင်ပါ လိမ့်မယ်။ ပညာရေးကို စနစ်တကျ ဖျက်ဆီး တယ်ဆိုတဲ့ ဝေဖန်မှုမျိုးကို မလိုချင်ရင် သမိုင်းကြောင်းကောင်းအောင် လုပ်ဖို့ လိုပါလိမ့်မယ်။ သည်မိုး၊ သည်လေ၊ သည်လူတွေနဲ့ မကောင်းခဲ့တာကို ဒီအတိုင်းသွား နေမယ့်အစား ပြောင်းလဲကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။ မူဘယ်လောက်ကောင်း ကောင်း လူမပြောင်းနိုင်ရင် မအောင်မြင် နိုင်ပါဘူး။ အလားတူ လူဘယ်လောက် ကောင်းကောင်း မူမပြောင်းရင်လည်း မအောင်မြင်နိုင်ပါဘူး။ မူပြောင်းပြီး လူကောင်းတွေနဲ့ မြန်မာ့ပညာရေးကို စေတနာ ကောင်းကောင်း ပြုပြင်ပေးသင့်ပြီ ထင်ပါတယ်။

ကျောင်းဆရာဟောင်းတစ်ဦး

Credit to ►
The Voice Weekly

0 comments:

Post a Comment