Thursday, April 25, 2013

ဟံသာဝတီပွဲစားတန်းအပြင်၌ ကားအရောင်းအ၀ယ်ပြန်လည်ပြုလုပ်လာ

သီရိမင်္ဂလာဟောင်းဈေးရှိ ကားဝယ်ရောင်းအချို့မှာ ၄င်းတို့အရောင်း အ၀ယ်အဆင်ပြေသည့် ဟံသာဝတီ ကားပွဲစားတန်းဝင်း အပြင်ဘက်၌ သာ ပြန်လည်၍ အရောင်းအ၀ယ်ပြုလုပ်လာကြောင်း သိရှိရသည်။ ယခင် ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းအား ဖျက်သိမ်းပြီးနောက် ယာဉ်ရောင်းဝယ်ရေးစခန်းများအား သီရိမင်္ဂလာ ဈေးဟောင်းနှင့်မင်းရဲကျော်စွာ သို့ ပြောင်းရွှေ့ပေးခဲ့သည်။

“ သီရိမင်္ဂလာဈေးက လူအလာနည်းတယ်၊ ဒီတော့ ဟံသာဝတီဘက်ပဲ ပြန်ရွှေ့လုပ်ဖြစ်နေတာ၊ ဒါက ၀င်းထဲမှာ လုပ်တာ မဟုတ်ဘူး၊ ၀င်းအပြင်မှာ အရောင်းအ၀ယ်လုပ်တာပါ၊ ဘယ်သူ့အတွက်မှ အနှောင့် အယှက် ဖြစ်မယ်လို့ မထင်ပါဘူး၊ ဒီဘက်ကျတော့ ကိုယ်နဲ့ အသားကျနေတဲ့ နေရာဆိုတော့ အရောင်းအ၀ယ်လုပ်ရတာ အဆင်ပြေတယ်” ဟု ယခင် ဟံသာဝတီ ၀င်းအပြင်ဘက်သို့ သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ပြန်လည် ရွှေ့ပြောင်းလာသူ ကားပွဲစားတစ်ဦးက ပြောသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ မင်းရဲကျော်စွာသို့ ရွှေ့ပြောင်းသွားသည့် ကားဝယ်ရောင်းများ အရောင်းအ၀ယ် အဆင်ပြေလျက်ရှိသော်လည်း သီရိမင်္ဂလာဈေးဟောင်းသို့ ပြောင်းရွှေ့ရသည့် ၀ယ်ရောင်း များမှာ အရောင်းအ၀ယ် ပါးလျက်ရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။

“ကျွန်တော်လည်း ကားဝယ်ဖို့ဆို အရင်ကတော့ ဟံသာဝတီ သွားတယ်၊ ရွှေ့သွားကြတဲ့ နောက်ပိုင်းကျတော့ မင်းရဲကျော်စွာပဲ သွားဖြစ်တော့တယ်၊ ဘာလို့လဲဆိုတော့ မင်းရဲကျော်စွာက မြို့ထဲဆိုတော့ သွားရလာရ အဆင် ပြေတယ်၊ သီရိမင်္ဂလာဈေးဟောင်းကျတော့ အဲဒီကို သီးသန့်ကြီးသွားနေရတယ်၊ မင်းရဲကျော်စွာ ကျတော့ လမ်း လည်း အမြဲကြုံတယ်” ဟု ကားဝယ်လိုသူ ကိုရာဇာက ပြောသည်။

ကားဈေးကွက်အတွင်း 1300 CC ကားများနှင့် 1500 CC ကားများ အရောင်းအ၀ယ်အများဆုံး ဖြစ်လျက်ရှိပြီး ဂျပန်မှ ကားများအရောင်းအ၀ယ်ဖြစ်လျက် ရှိကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ် ရောင်းများတို့က ဆိုသည်။

ယခုလက်ရှိ မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းနှင့် သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေး စခန်းများတွင် မည်သူမဆို အခမဲ့ယာဉ်ရပ်နား ရောင်းဝယ်ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ဦးစီးဌာနမှ သိရသည်။

0 comments:

Post a Comment