Thursday, April 25, 2013

ကစားသမားနှစ်ဦးထုတ်ခံရပြီး ဧည့်သည်အား ရှုံးနိမ့်ခဲ့သည့် ဧရာဝတီ

2013 AFC Cup အုပ်စု(G) အုပ်စုပွဲစဉ် တစ်ပွဲဖြစ်သည့် ဧရာဝတီ အသင်းနှင့် ဗီယက်နမ်ကလပ် ဒါနမ်အသင်းတို့မှာ ဧပြီ ၂၃ ရက်(ယနေ့) ညနေ ၅း၀၀ နာရီ သုဝဏ္ဏကွင်း၌ ကစားခဲ့ရာ အိမ်ရှင် ဧရာဝတီ အသင်းသည် ကစားသမားနှစ်ဦး အထုတ်ခံရပြီး ဧည့်သည် ဒါနမ်အသင်းအား ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဧရာဝတီအသင်းသည် ပွဲချိန် ၂၂ မိနစ်တွင် နန္ဒလင်းကျော်ချစ်၏ သွင်းဂိုးဖြင့် ဧည့်သည်အသင်းအား ဦးဆောင်ကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၄၀ နှင့် ၄၂ မိနစ်များတွင် ဧည့်သည်အသင်းမှ ဟန်ကွမ်နမ်နှင့် ဟာမင်တောင်တို့ က ချေပဂိုးနှင့် ဦးဆောင်ဂိုး ပြန်လည် သွင်းယူခဲ့သည်။ ပထမပိုင်းပွဲပြီးဆုံးချိန်တွင် ဒါနမ်အသင်း က ဧရာဝတီအသင်းအား ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဒါနမ်အသင်းကပွဲ အား ပိုမို ဖိကစားခဲ့သော်လည်း ပွဲချိန် ၄၉ မိနစ်တွင် ဧရာဝတီကွင်းလယ်လူဆာတို၏ အမှတ်မထင် အဝေးကန်ချက် ဂိုးဖြင့် အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။
ပွဲချိန် ၈၅ မိနစ်တွင် ဧရာဝတီနောက်ခံလူဖြိုးကိုကိုသိန်းမှာ ကွင်းလယ်ဒိုင်လူကြီးအား စောဒက တက်ခဲ့ သဖြင့်နှစ် ၀ါတစ်နီဖြင့် ထုတ်ခံခဲ့ရသည်။ မိနစ် ၉၀ တွင် ဧရာဝတီနောက်ခံလူမာဂျန်သည် ပင်နယ်တီဧရိယာအတွင်း၌ ဒါနမ် တိုက်စစ်မှူးအားကြမ်းတမ်းစွာ ကစားခဲ့သဖြင့် ကွင်းလယ်ဒိုင်လူကြီးမှ ပင်နယ်တီ ပေးခဲ့သည်။ အဆိုပါပင်နယ်တီ အား ဒါနမ်အသင်းမှ ငုရင်မင်ပေါင်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ဧည့်သည်ဒါနမ်အသင်းက အိမ်ရှင် ဧရာဝတီအသင်းအား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုတွင် ဧရာဝတီနောက်ခံလူ ဟိန်းသီဟဇော်သည် ဒါနမ်တိုက်စစ်မှူးအား ကစားပုံကြမ်းခဲ့သောကြောင့် ဒိုင်လူကြီးမှတိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ဧရာဝတီအသင်းသည် ဒါနမ် အ သင်းအား ရှုံးနိမ့်ခဲ့သဖြင့် ငါးပွဲကစား တစ်ပွဲနိုင်၊ လေးပွဲရှုံး ရမှတ် ၃မှတ်ဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး လာမည့် ဧပြီ ၃၀ ရက်တွင် မလေးရှားကလပ် ကီလန်တန်အသင်းနှင့် အဝေးကွင်းတွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သွားရောက်က စားရမည်ဖြစ်သည်။

0 comments:

Post a Comment