Thursday, April 25, 2013

ဘာစီလိုနာကို ဂိုးပြတ် အနိုင်ယူကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် အလားအလာ ကောင်းသွားသည့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ် အသင်းသည် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ အဆင့်တွင် ဥရောပထိပ်သီး ဘာစီလိုနာကို အံ့အားသင့်ဖွယ် ဂိုးပြတ် အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရေး အကောင်းဆုံး အနေအထား တစ်ရပ်ကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။

ဘိုင်ယန် အသင်းတွင် မာရီယိုဂိုမက်ဇ်၊ ဖရန့်ခ်ရစ်ဘာရီ၊ သောမတ်စ်မူလာ၊ အာယန်ရော်ဘန်၊ ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၊ ဟာဗီးယား မာတီနက်ဇ်၊ ဒေးဗစ်အလာဘာ၊ ဒန်တီ၊ ဂျရိုမီဘိုတန်၊ ဖိလစ်လမ်းတို့ ပွဲထွက် လာခဲ့သည်။ အေလီယန့်ဇ်ကွင်းသို့ လာရောက် ယှဉ်ပြိုင်ရသော ဘာစီလိုနာ အသင်းဘက်တွင်မူ လီယွန်နယ်လ်မက်ဆီ၊ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ အလက်ဆစ်ဆန်းချက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ယော်ဒီအယ်လ်ဘာ၊ ဂျရတ်ပီကေး၊ မတ်ဘာထရာနှင့် ဒန်နီအဲလ်ဗက်စ်တို့ ပွဲထွက် လာခဲ့သည်။

ယခုပွဲတွင် ထုံးစံအတိုင်း ဘာစီလိုနာက ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရခဲ့သော်လည်း ဘိုင်ယန်က မြန်နှုန်းနှင့် စုစည်းမှုကို အားပြုကာ တိုက်ရိုက် ပေးပို့မှုများဖြင့် ဘာစီလိုနာကို တိုက်စစ်ဆင်ခဲ့သည်။ ဘိုင်ယန် ကွင်းလယ်မှ စပိန်သား မာတီနက်ဇ်၏ ကာယ အားပြုပြီး ခပ်ကြမ်းကြမ်း ဘောလုံး ဖြတ်တောက်မှုများကလည်း ဘာစီလိုနာကို အကျပ် တွေ့စေခဲ့သည်။ ပွဲချိန် (၂၅)မိနစ်တွင် ညာခြမ်းမှ ဖြတ်တင်ပေးသော ဘောလုံးကို ဒန်တီ ခေါင်းတိုက် ချပေးရာ မူလာက ခေါင်းတိုက်ဝင်ပိတ်ပြီး ဦးဆောင်ဂိုး သွင်းယူသည်။ (၄၉)မိနစ်တွင် ထောင့်ကန်ဘောကို မူလာ ပြန်ချပေးလိုက်ရာမှ ဂိုမက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းပြီး ဘိုင်ယန်တို့ ဒုတိယဂိုး ရခဲ့သည်။ (၇၃)မိနစ်တွင် ရှဝိန်းစတိုင်ဂါ ပေးပို့သော ဘောလုံးကို ရော်ဘန်က ဆွဲပြေးပြီး အနိမ့်ဖြတ်ကန်ကာ တတိယဂိုး သွင်းယူသည်။ ယင်းဂိုးတွင် ဘိုင်ယန်တိုက်စစ်မှ မူလာက ဘာစီလိုနာ နောက်ခံလူ အယ်လ်ဘာကို သိသိသာသာ ပြစ်ဒဏ် ကျူးလွန်ခဲ့သော်လည်း ဒိုင်က ဂိုးပေးခဲ့သည်။ (၈၂)မိနစ်တွင် ရစ်ဘာရီနှင့် အလာဘာတို့ ဘယ်ခြမ်းမှ ပူးပေါင်းထိုးဖောက်လာပြီး ဖန်တီးပေးသည်ကို မူလာက ပိတ်သွင်းကာ (၄-၀)ဖြင့် အနိုင်ရပြီး ဘာစီလိုနာတို့ နောက်တစ်ဆင့်တက်ရေး အလွန်ကျပ်တည်းမည့် အခြေအနေသို့ ဆိုက်ရောက်သွားစေခဲ့သည်။

0 comments:

Post a Comment