ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင်းရှိ ညောင်ချောင်းသာ၌
သုံးလအတွင်း ရေနစ်သေဆုံးမှု (၁၀) မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ်းခြေတွင် လုံခြုံရေးအစီအစဉ်များ ကြပ်မတ်ဆောင် ရွက်နေပြီဖြစ်ကြောင်း ညောင်တုန်းမြို.နယ် ရဲတပ်ဖွဲ.မှ သိရသည်။
အဆိုပါညောင်ချောင်းသာကမ်းခြေတွင် ရေနစ်သေဆုံးသူများမှာ ဖေဖေါ်ဝါရီလတွင်တစ်ဦး၊ မတ်လတွင်နှစ်ဦးနှင့် ဧပြီလတွင်သင်္ကြန်ရက်များအပါအ၀င် ရေနစ်သေဆုံးသူ(၇)ဦးထိ ရှိခဲ.ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းရ သိရသည်။
`ရေနစ်သေဆုံးတဲ့ သူကတော့ (၁၀)ယောက်လောက်ရှိသွားပြီ၊ အများစုကတော့ သောက်စား ထားပြီး ရေဆင်းဆော့တဲ့သူတွေပါ။ နောက်ပိုင်းတော့ ကြပ်ကြပ်မတ်မတ်လေးလည်း ဖြစ်သွားအောင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကလည်း တပ်စိတ်(၃)စိတ် လောက် ချထားပေးသွားပြီး အခြားကူညီကယ် ဆယ်ရေးတွေလည်း လုပ်သွားမှာပါ´ဟုညောင်တုန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ရန်ကုန်မြို့မှ(၃၃)မိုင်ခန့်သာကွာဝေးသော ညောင်ချောင်းသာကမ်းခြေအား လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင် ဖွင့်လှစ်ခဲ့ရာ လာရောက်အပန်းဖြေသူများ များပြားသော်လည်း အခြားသော ထင်ရှားသည့် ကမ်းခြေများကဲ့သို့ ကယ်ဆယ်ရေး/လုံခြုံရေးအစီအစဉ်များ တိကျစွာမရှိခဲ့သည့် အတွက် ရေနစ်သေဆုံးမှု များ ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့များချထားရေးအပါအ၀င် ကယ်ဆယ်ရေးအစီအစဉ်များ ချမှတ်ဆောင် ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
`ရန်ကုန်နဲ့ကလည်း နေ့ချင်းပြန်လာကစားလို့ရတာရယ်။ ရေချိုကမ်းခြေဖြစ်နေတာရယ်ကြောင့် အခုတစ်နှစ် အတွင်းမှာ လာတဲ့သူတအားများတယ်။ ဒါပေမဲ့ ဒီနေရာက မြစ်ဆုံမှာ သောင်ထွန်းနေတာ ဖြစ်တဲ့ အတွက် ရေဆွဲအားရှိတာကို သတိပေးချက်တွေတော့ ထုတ်ပြန်ပေးသင့်တယ်။ ကျွန်တော်တို့ကတော့ ဆိုင်လာတဲ့လူတိုင်းကို သတိပေးပါတယ်´ ဟု ညောင်ချောင်းသာကမ်းခြေတွင် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးကဆိုသည်။
ညောင်တုန်းမြို့တော်ခန်းမတည်ဆောက်ရေးအတွက် လိုအပ်ငွေသိန်းပေါင်းသုံးထောင် ရှာဖွေနိုင် ရန် ညောင်တုန်းမြို့နယ် အာဏာပိုင်များနှင့် ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာတွင် သောင်ထွန်းနေသော အဆိုပါနေရာအား အပန်းဖြေနေရာ တစ်ခုသဖွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ သိရပြီး အဆိုပါကမ်းခြေကို အပန်းဖြေစခန်းတစ်ခုအဖြစ် ဖွင့်လှစ်သွားမည် မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

0 comments:
Post a Comment