တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၀ အထူးဒေသ ပန်ခမ်းမြို့တွင် နိုဝင်ဘာ ၁ ရက်မှ စတင်ကျင်းပခဲ့ပြီး ၃ ရက်တွင် ကျင်းပပြီးစီးခဲ့ရာ အစည်းအဝေးအပြီးတွင် သဘောထား ကြေညာချက် ခုနစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) က ဦးဆောင်ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သော ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ဦးဖုန်တဲ့ရိန် ဦးဆောင်သော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ဦးနိုင်ဟံသာ ဦးဆောင်သော မွန်ပြည်သစ်ပါတီ (NMSP)၊ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ဦးဆောင်သော ရခိုင်တပ်မတော် (AA)၊ စပ်ဆေထင် ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ စောဒေးဗစ်တာကပေါ ဦးဆောင်သော ကရင်အမျိုးသား ကာကွယ်ရေးအစည်း အရုံး(KNDO)၊ အေဘယ်တွီဒ် ဦးဆောင်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ တားအိုက်ဖုန်း ဦးဆောင်သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ဦးစံပေ့ ဦးဆောင်သော ရှမ်းအရှေ့ ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) နှင့် ဦးသန်းစိုးနိုင် ဦးဆောင်သော ကယန်းပြည်သစ်ပါတီ(KNLP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးအပြီးတွင် သဘောထား ကြေညာချက် ခုနစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် ပထမအချက်မှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ ကြီးကြပ် မှုအောက်တွင် ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်၍ တရားမျှတစွာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားခြင်း ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အစိုးရသစ် မပေါ်ပေါက်မီ ကြားကာလတွင် လက်ရှိအစိုးရအနေဖြင့် တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်ပေးရန်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းမွန်သည့် အခွင့်အလမ်း ဖန်တီးပေးသွားရန် တိုက်တွန်းထားသည်။ ရွေးကောက်ပွဲပြီးနောက် မည်သည့်ပါတီက ဖွဲ့စည်းသည့် အစိုးရဖြစ်စေ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို အလေးထားရန်နှင့် လက်ရှိကြုံတွေ့နေရသည့် ပဋိပက္ခများကို လက်နက်အင်အား အသုံးပြု၍ ဖြေရှင်းခြင်းမပြုရန် တိုက်တွန်းထားသည်။
တတိယအချက်အနေဖြင့် အထွေထွေ ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့် အစိုးရသစ်နှင့် ပူးပေါင်း ပါဝင်လုပ်ဆောင်ခြင်းဖြင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီး အမြန်ဆုံး ဖော်ဆောင်သွားရန် လိုလားကြောင်း ပြောကြားထားသည်။ စတုတ္ထအချက်အဖြစ် အစိုးရအဖွဲ့သစ်အနေဖြင့် ပင်လုံစိတ်ဓာတ်နှင့် ပင်လုံ ကတိက၀တ်ကို ပြန်လည်တည်ဆောက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအား မဖြစ်မနေ ဖော်ဆောင် သွားရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့်တကွ တရုတ်နိုင်ငံအစိုးရ၊ တရုတ်နိုင်ငံ စစ်ဘက်တာဝန်ခံများက တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ပွားနေသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းကာ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ရရှိစေရန် အမြန်ဆုံး ဖော်ဆောင်သွားသင့်ကြောင်း ပဉ္ဇမအချက်အဖြစ် တိုက်တွန်းထားသည်။
ဆဋ္ဌမ အချက်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ဆက်ဆံမှုများကို တစ်ဆင့် တိုးမြှင့် သွားနိုင်စေရန်အတွက် အဖွဲ့အစည်းများက မိမိတို့၏ ဆန္ဒအလျောက် သဘောထားကြီးစွာဖြင့် ဆက်သွယ်ရေး တာဝန်ခံများ ရွေးချယ်ခန့်အပ်၍ အပြန်အလှန် ဆက်သွယ်ရေးစနစ် တည်ဆောက်သွားမည်ဟု ဖော်ပြထားသည်။နောက်ဆုံးအချက်အနေဖြင့် အစိုးရအဖွဲ့သစ်နှင့် နိုင်ငံတော် ခေါင်းဆောင်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အပါအ၀င် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုများနှင့် အတူပူးပေါင်း၍ မဖြစ်မနေ အမြန်ဆုံးလုပ် ဆောင်သွားရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
Credit To >>>> Eleven Media Group
0 comments:
Post a Comment