အီဂျစ်တွင် ရုရှား ခရီးသည်တင်လေယာဉ် တစ်စင်း ပျက်ကျမှု၌ တိုက်ရိုက်
အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရမှု အထောက်အထားများ မရှိကြောင်း အမေရိကန်
ထောက်လှမ်းရေးအဖွဲ့ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းလေယာဉ်သည် ပြင်ပ ပယောဂများကြောင့် ပျက်ကျရခြင်း ဖြစ်သည်ဟု အဆိုပါ
လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း
ဖြစ်သည်။
ပျက်ကျ လေယာဉ်မှ ဘလက်ဘောက်စ်များကို နိုဝင်ဘာ ၃ ရက်တွင် စတင်
စစ်ဆေးမည်ဟု အီဂျစ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အကောင်းပတိအတိုင်း
ရှိနေဆဲဖြစ်သော ယင်းပျံသန်းမှု မှတ်တမ်းတင် စက်များသည် အဆိုပါ လေယာဉ်
ထူးထူးဆန်းဆန်း ပျက်ကျမှုနှင့် ပတ်သက်၍ အဖြေရှာပေးနိုင်လိမ့်မည်ဟု
ရုရှားလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
လူ ၂၂၄ ဦး လိုက်ပါလျက် အီဂျစ်နိုင်ငံ ပင်လယ်နီ အပန်းဖြေစခန်း
ရှန်အယ်ရှိတ်မှ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ ပျံသန်းလာသော
ရုရှားလေကြောင်းလိုင်း Koga-lymavia ၏ Airbus A-321 ကို ပစ်ချခဲ့ ကြောင်း
အီဂျစ်ရှိ IS အဖွဲ့ခွဲ၏ ကြေညာမှုကို အီဂျစ်နှင့် ရုရှားတို့ကလည်း
ပယ်ချခဲ့သည်။ အောက်တိုဘာ ၃၁ ရက်က ရုရှားလေယာဉ် ပျက်ကျမှုတွင် IS
ပါဝင်နိုင်မှုကို မပယ်ချသော်လည်း ဖြစ်နိုင်ခြေမှာ မရှိဟု အမေရိကန် အမျိုးသား
ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂျိမ်းကလက်ပါက နိုဝင်ဘာ ၂ ရက်တွင်
ပြောကြားခဲ့သည်။ တိုက်ရိုက် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် အထောက်အထား
တစ်ခုမျှ မတွေ့ရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းလေယာဉ်ကို ပစ်ချခဲ့သည်ဟု IS အဖွဲ့ခွဲ၏ ထုတ်ပြန်မှုသည် ၀ါဒဖြန့်မှု
တစ်ခုသာ ဖြစ်သည်ဟု အီဂျစ်သမ္မတ အဗ္ဗဒူဖာတာ အယ်စီစီကလည်း ဘီဘီစီသို့ နိုဝင်ဘာ ၃
ရက်တွင် ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် IS ကြောင့် ပျက်ကျခဲ့သည်ဟု
ဝါဒဖြန့်ပြီး အီဂျစ်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ အီဂျစ်၏ပုံရိပ်ကို
ထိခိုက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု စီစီက ပြောကြားခဲ့သည်။
ဆိုင်နိုင်းကျွန်းဆွယ်ရှိ အခြေအနေသည် အထူးသဖြင့် ကန့်သတ်ဧရိယာတွင် ၎င်းတို့ က
အပြည့်အ၀ ထိန်းချုပ်ထားနိုင်ကြောင်း စီစီက ပြောကြားခဲ့သည်။
ယင်းလေယာဉ်ပျက်ကျမှုကို စိတ်ဝင်စားသူတိုင်း စုံစမ်း စစ်ဆေးမှုတွင် ပါဝင်ရန်
ကြိုဆိုကြောင်း ၎င်းက ဖိတ်ခေါ်ခဲ့သည်။
ယင်းလေယာဉ်သည် ဝေဟင်ပေါ်တွင်ပင် ပေါက်ကွဲ၍ တစ်စစီ ဖြစ်သွားခြင်းကြောင့်
အပျက်အစီးများနှင့် အလောင်းများသည် အလွန်အမင်း ကျယ်ပြန့်သော ဧရိယာတစ်ဝိုက်
လွင့်စဉ် ပြန့်ကျဲသွားခြင်း ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်
ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်သည် ပြင်ပ ပယောဂများကြောင့်
ပျက်ကျခဲ့ခြင်းဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက် သို့မဟုတ်
လူသား၏ မှားယွင်းမှုကြောင့် မဟုတ်ဟု ယင်းလေကြောင်းလိုင်းက နိုဝင်ဘာ ၂
ရက်တွင် ထုတ်ပြန်ခဲ့သည်။
Credit To >>> Eleven Media Group
Wednesday, November 4, 2015
အီဂျစ်တွင် ရုရှား ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွင် အကြမ်းဖက်ခံရမှု အထောက်အထား မရှိဟု အမေရိကန်နှင့်အီဂျစ် ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment