အိမ်ကွင်း၌ ဟံသာဝတီ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ရန်ကုန်နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က ရန်ကုန် ယူနိုက်တက် အသင်းမှာ မြန်မာနေရှင်နယ်လိဂ်တွင် အကောင်းဆုံး အသင်းဟု ဆိုခဲ့ပြီး ရာသီ အကုန် တွင် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်မိကြောင်း ဖွင့်ဟခဲ့သည်။
"ကျွန်တော်တို့ ရာသီအကုန်မှာ ချန်ပီယံ ထပ်ဖြစ်ဖို့ ကြိုးစားသွားမှာပါ။ ဒဏ်ရာ ပြဿနာတွေသာ မရှိရင် ကျွန်တော်တို့ အသင်းက မြန်မာနေရှင်နယ်လိဂ်မှာ အကောင်းဆုံး အသင်းပါ။ လက်ရှိမှာ အဆင့်(၄)ကို ရောက်နေပေမယ့် ရာသီအကုန်မှာ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဖြစ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်"ဟု အိုင်ဗန်ကိုလက်ဗ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်သည် ၎င်းတို့၏ ဒုတိယမြောက် ချန်ပီယံ ကာကွယ်မှုအဖြစ် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရာသီအစပိုင်းတွင် ရလဒ်များ ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှုံးပွဲများ ကြုံတွေ့ကာ ပထမအကျော့ ပွဲစဉ်များနှင့် ဒုတိယအကျော့၏ ပထမဆုံး ပွဲအပြီးတွင် အဆင့်(၄)နေရာ၌ ရပ်တည်နေခဲ့ရသည်။ သို့သော် ဒုတိယအကျော့တွင် AFC Cup ပြိုင်ပွဲများ မရှိတော့ပဲ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ တစ်ရပ်တည်းကိုသာ အာရုံစိုက် ယှဉ်ပြိုင်ရမည် ဖြစ်ရာ မိမိတို့ အနေဖြင့် ချန်ပီယံ ဆုကို ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ကိုလက်ဗ်က ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် လက်ရွေးစင် ယူ-၂၃ အသင်း၏ လေ့ကျင့်မှုများ အတွက် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို (၁)လခန့် ရပ်နားထားမည် ဖြစ်ရာ အဆိုပါ အနားယူ ကာလအပြီးတွင် အသင်းရှိ ဒဏ်ရာရ ကစားသမား အားလုံး ပြန်လာနိုင်မည် ဖြစ်သောကြောင့် အသင်းအင်အား ပိုမိုတောင့်တင်းလာမည် ဖြစ်ကြောင်း ကိုလက်ဗ်က ဆိုခဲ့သည်။ "အနားယူ ကာလအပြီးမှာ ကျွန်တော့် ကစားသမားတွေ ပိုပြီး လတ်ဆက်နေဖို့ မျှော်လင့်ပါတယ်။ ဒဏ်ရာတွေ၊ ပွဲကျပ်တွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ဒီလိုအခြေအနေမှာတောင် ထိပ်ဆုံးက အသင်းတွေနဲ့ အမှတ်မပြတ် ခဲ့တာဆိုတော့ ဒုတိယအကျော့မှာ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု အိုင်ဗန်ကိုလက်ဗ်က ပြောကြားခဲ့သည်။
soccermyanmar

0 comments:
Post a Comment