Monday, January 2, 2017

လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာ နယ်မြေများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ၁၉၅ ခု ၂၀၁၇ ခုနှစ် ဇန်န၀ါရီတွင် သက်တမ်းကုန်ဆုံး

လုံးခင်း၊ ဖားကန့်နှင့် အခြားရတနာ နယ်မြေများရှိ ကျေက်မျက်တူးဖော်ရေး လုပ်ကွက် ၁၉၅ ခုမှာ ဇန်န၀ါရီလတွင် သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခု ဇန်န၀ါရီလအတွင်း လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက် ၃၅ ခု၊ မိုးညှင်းရတနာနယ်မြေတွင် လုပ်ကွက် ၁၄၈ ခု၊ မိုးကုတ်ရတနာ နယ်မြေတွင် လုပ်ကွက် ကိုးခု၊ မိုင်းရှူး ရတနာနယ်မြေတွင် လုပ်ကွက် သုံးခုတို့မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မိုးညှင်းရတနာ နယ်မြေရှိ လုပ်ကွက် ၁၄၈ ခုမှာ ၂၀၁၁ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေရှိ လုပ်ကွက် ကိုးခုမှာ ၂၀၁၂ နှင့် ၂၀၁၄ ခုနှစ်က လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း၊ မိုင်းရှူးရတနာမြေလုပ်ကွက် သုံးခုကိုလည်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေရှိ လုပ်ကွက် ၃၅ ခုကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လုပ်ကွက်များ အားလုံးသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကွက် သက်တမ်းကုန်ဆုံးမည့် ရတနာနယ်မြေများရှိ လုပ်ကွက်များကို သက်တမ်းတိုးပေးရန် အစီအစဉ် ရှိ မရှိကိုမူ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ရတနာနယ်မြေတွင် လုပ်ကွက်အသစ်များ မချပေးတော့ကြောင်း၊ လုပ်ကွက် သက်တမ်းတိုးခြင်းကိုလည်း ရပ်တန့်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ပြောကြားထားသည်။

ဒီဇင်ဘာလအတွင်း လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက် ၆၉ ခု၊ မိုးညှင်းရတနာ နယ်မြေတွင် လုပ်ကွက် ၁၅၆ ခု၊ မိုးကုတ်ရတနာ နယ်မြေတွင် လုပ်ကွက် ၉၄ ခု၊ မိုင်းရှူးရတနာ နယ်မြေတွင် လုပ်ကွက် ၃၁ ခုတို့မှာ ဒီဇင်ဘာလအတွင်း သက်တမ်းကုန်ဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလအတွင်းကလည်း လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက် ၅၂၉ ခု၊ ခန္တီးရတနာ နယ်မြေတွင်လုပ်ကွက် ၂၈၈ ခု၊ မိုးညှင်းရတနာ နယ်မြေတွင် လုပ်ကွက် ၄၈ ခု၊ မိုးကုတ်ရတနာနယ်မြေတွင် လုပ်ကွက် ၇၉ ခု၊ မိုင်းရှူးရတနာ နယ်မြေတွင် လုပ်ကွက်ကိုးခုနှင့် နန့်ယားဆိပ် ရတနာနယ်မြေတွင် လုပ်ကွက်လေးခု စုစုပေါင်း လုပ်ကွက် ၉၅၇ ခုတို့မှာ နိုဝင်ဘာလအတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် လုပ်ကွက် ၁၇၅ ခု၊ ခန္တီးတွင်နှစ်ခု၊ မိုးညှင်းတွင် ၅၄ ခု၊ ၊မိုးကုတ်တွင် ၃၄ ခုနှင့် မိုင်းရှူးတွင် ငါးခုနှင့် နန့်ယားဆိပ် ရတနာနယ်မြေတွင် လုပ်ကွက်သုံးခု စုစုပေါင်း လုပ်ကွက် ၂၇၂ ခုတို့မှာလည်း အောက်တိုဘာလ အတွင်းက သက်တမ်း ကုန်ဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment