Monday, January 9, 2017

နေပြည်တော်ရှိ ဟိုတယ်များတွင် တည်းခိုသူ နည်းပါးနေသည့်အတွက် လည်ပတ်ရန်ခရီးစဉ်များ ထုတ်ဖော်ကာ ခရီးသွားလာရောက်မှု မြှင့်တင်နိုင်ရန် စီစဉ်နေ

နေပြည်တော်ရှိ ဟိုတယ်များတွင် တည်းခိုသူနည်းပါးနေသည့်အတွက် နေပြည်တော်တွင် လည်ပတ်ရန် ခရီးစဉ်များထုတ်ဖော်ကာ ခရီးသွားလာရောက်မှုမြှင့်တင်နိုင်ရန် စီစဉ်နေကြောင်း နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းထွဋ်က ပြောကြားသည်။

လက်ရှိတွင် နေပြည်တော်ဟိုတယ်များမှ အခန်းစုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ ခန့်သာ တည်းခိုမှုရှိနေသည့်အတွက် ဟိုတယ်အချင်းချင်း အပြိုင်အဆိုင် လုပ်ကိုင်နေရကြောင်း သိရသည်။


“ဧည့်သည်ကတော့ တော်တော်နည်းတယ်လို့ ပြောရမှာပေါ့နော်။ ဟိုတယ်ပေါင်းက ၆၃ လုံးရှိပါတယ်။ တကယ်လည်ပတ် နေတာကတော့ ၄၈ လုံးလောက်ရှိပါတယ်။ ဟိုတယ်အခန်းပေါင်း ၅၀၀၀ မှာ ၁၀၀၀ ၀န်းကျင်လောက်ပဲ ဧည့်သည်ရှိပါတယ်။ ဟိုတယ် အချင်းချင်းကြားမှာလည်း တော်တော်လေးကို အပြိုင်အဆိုင်လုပ်နေရတဲ့ အခြေအနေရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အတွက် လက်ရှိဝင်ရောက်နေသည့် ဧည့်သည် ၁၀၀၀ ခန့်မှ ဧည့်သည် ၃၀၀၀ ခန့်အထိ တိုးတက်လာစေရန် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းက လည်ပတ်ရန်ခရီးစဉ်များ ဖော်ထုတ်ရန် စီစဉ်ထားကြောင်း သိရသည်။

“အစိုးရဌာနကိစ္စရှိမှ လာရတာမျိုး မဟုတ်ဘဲနဲ့ နေပြည်တော်တစ်ခွင်မှာ သွားရောက်လည်ပတ်လို့ရတဲ့ စိတ်ဝင်စားစရာ နေရာတွေကို ၁၀ ခုကနေ ၁၅ ခုကြား ဖော်ထုတ်မယ်။ ရှိပြီးသားပါ။ ဒါတွေကို အများပြည်သူသိရှိအောင် လုပ်ပါမယ်။ အသင်းကနေ ဦးစီးပြီးတော့ ဗီဒီယိုရိုက်မယ်။ ပြီးကျရင် မြန်မာလိုရော အင်္ဂလိပ်လိုရောရေးမယ်။ ပြီးတဲ့အခါ ကျွန်တော်တို့ Website ၊ Facebook မှာတင်မယ်။ Travel & Tours တွေကို အကူအညီတောင်းမယ်။ အဲဒီလိုနည်းတွေနဲ့ ဒီလိုနေရာတွေ သွားလို့ရတယ်ဆိုတာ သိရှိအောင်ပေါ့နော်” ဟု ဦးသန်းထွဋ်က ပြောကြားသည်။

လည်ပတ်ရန် ခရီးစဉ်များအဖြစ် ရေပူစမ်း၊ ဖိုးကျားဆင်စခန်း၊ တပ်မတော်စစ် သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ ကျောက်စိမ်းပြတိုက်၊ ငလိုက်အပန်းဖြေစခန်း၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ၀ဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားကွင်းကြီးများ၊ ဖိုစောင်းတောင်တက်လမ်း (စက်ဘီးကွင်းနှင့် ဂေါက်ကလပ်များ)၊ သတ္တာဟသတ္တဌာန၊ ဥပ္ပါတသန္တိစေတီတော်၊ မဟာသကျရံသီ ရပ်တော်မူ စကျင်ရုပ်ပွားတော်မြတ်ကြီး၊ သမိုင်းဝင် ရွှေလက်လှရန်အောင်မြင်ဘုရား၊ လှေခွင်းတောင်တော်၊ ညောင်ပင်ကြီးစုဘုန်းတော်ကြီးကျောင်းနှင့် ရှေးဟောင်းဘုရားများ၊ အေလာအနီးရှိ ရှေးဟောင်းကျောင်းနှင့် ပြောင်းဖူးဖက်ဆေးလိပ်လုပ်ငန်း၊ ပြည်သူ့လွှတ်တော် အဆောက်အအုံနှင့် တစ်ဖက် ၁၀ လမ်းသွား လမ်းမများ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC -1 ၊ MICC -2) စသည်တို့ကို ဖော်ထုတ်ရန် စီစဉ်ထားကြောင်း သိရသည်။

နေပြည်တော်တွင် Meetings ၊ Incentives ၊ Conferences၊ Exhibitions စသည့် MICE အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း ခရီးသည်လာရောက်မှု နည်းနေကြောင်း၊ လေယာဉ်လက်မှတ်ခ ဈေးနှုန်းကြီးမြင့်ခြင်း ကဲ့သို့သော အခက်အခဲများလည်း ရှိနေကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ပံ့ပိုးပေးမှုများ ရှိနေသော်လည်း အခြားဆက်စပ်ဝန်ကြီးဌာနများမှ ဖြေလျှော့မှုများ လိုအပ်နေကြောင်း၊ ခရီးသွားလာရောက်လည်ပတ်မှု တိုးမြင့်စေရန်အတွက် အစိုးရဌာနများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment