Thursday, January 5, 2017

အမြင့်ဆုံးဆုငွေ ကျပ်သိန်းပေါင်းတစ်သောင်း ပေးအပ်မည့် ကျပ် ၅၀၀ တန်ထီလက်မှတ်များ မတ်လတွင် စတင်ရောင်းချမည်ဖြစ်ပြီး ရောင်းချပြီး သုံးလအကြာ၌ ကျပ် ၂၀၀ တန်ထီစနစ် ဖျက်သိမ်းမည်

အမြင့်ဆုံးဆုငွေ ကျပ်သိန်းပေါင်း တစ်သောင်း ပေးအပ်မည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များ မတ်လတွင် စတင်ရောင်းချမည် ဖြစ်ပြီး ရောင်းချပြီး သုံးလကြာတွင် ကျပ် ၂၀၀ တန်ထီကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီကို မတ်လတွင် စတင် ရောင်းချမည်ဖြစ်ပြီး ဧပြီ ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆုငွေများအဖြစ် ပထမဆုအဖြစ် အမြင့်ဆုံး ကျပ်သိန်းတစ်သောင်း၊ ဒုတိယဆုအဖြစ် ကျပ်သိန်း ၅၀၀၀၊ တတိယဆုအဖြစ် ကျပ်သိန်း ၁၀၀၀ နှင့် အနိမ့်ဆုံး ဆုငွေအဖြစ် ကျပ်ငါးသောင်းတို့ ပါဝင်ကြောင်း သိရသည်။

ကျပ် ၅၀၀ တန်ထီ စတင်ထုတ်ဝေ ရောင်းချရာတွင် ထီအက္ခရာ အလုံး ၃၀ ဖြင့် စတင် ရောင်းချမည်ဖြစ်ပြီး အဆိုပါထီများ မလုံလောက်ပါက အရန်ထီလက်မှတ်များ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း၊ ကျပ် ၅၀၀ တန်ထီကို ထီကိုယ်စားလှယ် ၁၀၀၀ ခန့်က ခွဲဝေရောင်းချမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ပြောကြားသည်။

“ကျပ် ၂၀၀ တန်ထီ စထုတ်တုန်းက ထီအက္ခရာ ၃၀ နဲ့ ထုတ်ခဲ့တာ။ ရောင်းမကုန်တဲ့အတွက် ထီအက္ခရာကို ၂၂ လုံးအထိ လျှော့ထုတ်ခဲ့ရတယ်။ အခု ၅၀၀ တန်ထီကိုတော့ မလျှော့ဘူး။ ထီဆုငွေက အမြင့်ဆုံး သိန်းတစ်သောင်းဆိုတဲ့ မက်လုံး ရှိတယ်။ ဒါကြောင့် ထီတွေ ရောင်းကုန်မယ်လို့ မှန်းထားတယ်။ ထီရောင်းရငွေအပေါ် မူတည်ပြီး ထီဆုမဲတွေ ခွဲပေးရမှာ ဖြစ်တဲ့အတွက် ထီဆုမဲ အရေအတွက်ကို ပြောလို့ မရသေးဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီကို ကျပ် ၂၀၀ တန် ထီကဲ့သို့ပင် လစဉ်လတိုင်း၏ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျပ် ၅၀၀ တန်ထီနှင့် ၂၀၀ တန်ထီသည် ဆုမဲတန်ဖိုး၊ ဆုမဲအရေအတွက်နှင့် ထီလက်မှတ် တန်ဖိုးများ ကွာခြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကျပ် ၅၀၀ တန်ထီ စတင်ရောင်းချသည့် သုံးလအတွင်း ကျပ် ၂၀၀ တန်ထီကို လက်ရှိ ရောင်းချသည့် ထီအက္ခရာ ၄၂ လုံးမှ ထီအက္ခရာ သုံးလုံးအထိ လျှော့ထုတ်ရောင်းချမည်ဖြစ်ပြီး သုံးလပြည့်သည်နှင့် ကျပ် ၂၀၀ တန်ထီကို လုံးဝ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိ ရောင်းချနေသည့် ကျပ် ၂၀၀ တန် ထီစနစ်တွင် ထီဆုမဲများအဖြစ် အမြင့်ဆုံး ကျပ် သိန်း ၁၅၀၀၊ သိန်း ၁၀၀၀၊ သိန်း ၅၀၀၊ သိန်း ၃၀၀၊ သိန်း ၂၀၀၊ သိန်း ၁၀၀၊ သိန်း ၅၀၊ ၂၅ သိန်း၊ ၁၀ သိန်း၊ ငါးသိန်း၊ သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းနှင့် ကျပ်ငါးသောင်း ဆုမဲများ ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment