Tuesday, January 17, 2017

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအတွက် ရှမ်းတိုင်းရင်းသားများ၏ ဘုံသဘောထား စုစည်းနိုင်ရန် ရှမ်းပြည်နယ်တွင်း အပါအ၀င် နေရာ ၁၅ နေရာတွင် အကြိုဆွေးနွေးပွဲများ ပြုလုပ်မည်

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအတွက် ရှမ်းတိုင်းရင်းသားများ၏ ဘုံသဘောထား စုစည်းနိုင်ရန် ရှမ်းပြည်နယ်တွင်း အပါအ၀င် နေရာ ၁၅ နေရာတွင် အကြိုဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) မှ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ဇန်န၀ါရီ ၁၅ ရက်တွင် ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ နိုင်ငံရေး လမ်းပြမြေပုံအရ ၂၀၁၇ ဖေဖော်ဝါရီတွင် ထပ်မံ ကျင်းပရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မတိုင်မီတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပုံသဏ္ဌာန်သုံးမျိုးဖြင့် ကျင်းပရမည်ဖြစ်ပြီး ဒေသအလိုက်ကို အစိုးရကလည်းကောင်း၊ လူမျိုးအလိုက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများကလည်းကောင်း၊ အကြောင်းအရာ အလိုက်ကို အရပ်ဘက်လူမှု အဖွဲ့အစည်းများကလည်းကောင်း ဦးဆောင် ခေါ်ယူခွင့်ရှိကြောင်း သိရသည်။


အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အကျုံးဝင်သည့် လူမျိုးအလိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSJAC) အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် SSA အသွင်ပြောင်းအဖွဲ့ စသည်တို့ အဓိကပါဝင် ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) က ပြင်ဆင်နေခြင်း ဖြစ်သည်။

“ရှမ်းပြည်တောင်ပိုင်းမှာ ငါးနေရာ၊ ရှမ်းပြည်မြောက်ပိုင်းမှာ သုံးနေရာ၊ နောက်အရှေ့ပိုင်းမှာ နှစ်နေရာ၊ နောက်မန္တလေး၊ ဟုမ္မလင်း၊ မိုးညှင်း၊ လွိုင်ကော်၊ ချင်းမိုင် အဲဒီနေရာတွေမှာ လုပ်မှာပါ။ ၁၅ နေရာ ဖြစ်သွားပေါ့။ ကျွန်တော်တို့က အခုအလုပ်ရုံ ဆွေးနွေးပွဲနဲ့ သင်တန်းပေးတာပေါ့။ အဲဒါကို ငါးရက်လုပ်မယ်။ ပြီးတာနဲ့ မြေပြန့်ကို တစ်ခါတည်း ဆင်းမယ်။ ဆင်းပြီး လူထုနဲ့တွေ့ဆုံဖို့ ဆိုတာက တစ်ပြိုင်တည်း လုပ်မှာဆိုတော့ တစ်ပတ်အတွင်းပြီးအောင် လုပ်ပါမယ်။ ပြီးတော့မှ ကျွန်တော်တို့တွေ အစုအဖွဲ့တွေ ပြန်ဆုံပြီးတော့မှ ဘုံသဘောထား ပြန်စုဆောင်းမှာပေါ့။ အဲဒီလို စုစည်းပြီးလို့ရှိရင် အစိုးရကလုပ်မယ့် အစည်းအဝေး ဖေဖော်ဝါရီလ အမီပေါ့။ ကျွန်တော်တို့ ပြင်ဆင်ပါ့မယ်” ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲများမှ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များ၊ လူထုအခြေပြုအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ညှိနှိုင်းမှုများကို ပြုလုပ်ကာ ဒေသတွင်း အကျိုးရှိနိုင်ရန်၊ အားလုံးတန်းတူညီမျှသည့် အခွင့်များ ရရှိနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် သဘောထားများကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးမှုများ စတင်နိုင်ရန် သင်တန်းပေးမှုကို ဇန်န၀ါရီလကုန်ပိုင်းတွင် ပြုလုပ်ရန်ရှိပြီး အဆိုပါ သင်တန်းပြီးစီးသည်နှင့် တစ်ပြိုင်နက် ဆွေးနွေးပွဲများ ပြုလုပ်မည့် ဒေသများသို့ တစ်ပြိုင်နက်ဆင်း၍ ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ဦးစိုင်းလိတ်က ဆက်လက် ပြောကြားသည်။

ဦးစိုင်းလိတ်က “သင်တန်းက ဒီလ ၂၃ ရက်ကနေ ၂၇ ရက်အထိ တောင်ကြီးမှာ ပေးပါမယ်။ ခေါင်းစဉ်တစ်ခုချင်းစီ ခွဲပြီးမှပေးမှာပေါ့နော်။ ပြီးသွားရင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သယံဇာတပြီးတော့ မှတ်တမ်းနှင့် ငွေစာရင်းပေါ့နော်။ သင်တန်းက ခြောက်ခု ခွဲပြီးတော့မှပေးမယ်” ဟု ဦးစိုင်းလိတ်က ဆက်လက် ပြောကြားသည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကို ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌတာဝန်ကို အက္ခရာစဉ်အလိုက် အလှည့်ကျတာဝန်ယူ ဆောင်ရွက်ရာ ပထမဆုံးဥက္ကဋ္ဌမှာ RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ဖြစ်ပြီး လက်ရှိဥက္ကဋ္ဌမှာ SSJAC အဖွဲ့ဥက္ကဋ္ဌနှင့် SNLD ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတွင် ပြည်သူလူထု၏ သဘောထားဆန္ဒများ တင်သွင်းကာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် အစုအဖွဲ့လိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ပြင်ဆင်လျက်ရှိနေသည်။ အချို့အစုအဖွဲ့များ အနေဖြင့်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း မရှိသည့်တိုင် အကြိုဆွေးနွေးပွဲများ ပြုလုပ်၍ သဘောထားဆန္ဒများ ကောက်ယူရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အနေဖြင့်မူ လက်ရှိတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံသဏ္ဌာန် သုံးမျိုးကို တနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် ဇန်န၀ါရီ တတိယပတ်တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment