ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက “ဥပဒေတွေကတော့ အရေးကြီးတာပါပဲ။ အခုတစ်ခေါက်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဥပဒေကတော့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ပို့ထားတဲ့ ၆၆ (ဃ) ပေါ့။ ၆၆ (ဃ) လည်း မကြာခင်ကျလာ မယ်နဲ့တူတယ်။ အဲဒီပုဒ်မနဲ့ပတ်သက်ပြီးတော့ အထင်အမြင်တွေကတော့ အမျိုးမျိုးပေါ့လေ။ဟိုတစ်နေ့ကတောင် ရှေ့နေတွေလုပ်သွားကြတာ ရှိတယ်။ အဲဒီအမြင်တွေလည်းရှိတယ်။ ပြီးတော့ အန်ကယ်တို့အမြင်တွေ။ သီးခြားအမြင်တွေလည်း ရှိတယ်။ အဲဒါတွေကတော့ လွှတ်တော်စတာနဲ့ လူသိများပြီး စိတ်ဝင်စားမယ့် ဥပဒေပါ။ ၆၆ (ဃ) နဲ့ပတ်သက်ပြီး ကော်မရှင်ကတော့ လွှတ်တော်ကိုတင်ထားပြီ။ ဒီတစ်ခေါက်မှာတော့ ၆၆ (ဃ) နဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ဖို့များတယ်” ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ယခုလွှတ်တော် ပိတ်ရက်တွင် ဥပဒေကြမ်း တော်တော်များများကို သတင်းစာမှာ ကြေညာထားကြောင်း၊ ယင်းဥပဒေကြမ်းများကို လွှတ်တော်ပြန်စချိန်တွင် ပြည်ထောင်စုလွှတ်တော်က လွှတ်တော်အသီးသီးသို့ ပြန်ချပေးမည်ဖြစ်ကြောင်း၊ မည်သည့် ဥပဒေကြမ်းများ ချပေးမည်ဆိုသည်ကို မသိသေးကြောင်း၊ အမျိုးသားလွှတ်တော်အနေဖြင့် လက်ကျန်ဥပဒေကြမ်း ၁၅ ခုခန့်ရှိကြောင်း၊ ကျန်ရှိနေသည့် ဥပဒေကြမ်းများကို ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးမှ တတိယပုံမှန် အစည်းအဝေးအထိ အမျိုးသားလွှတ်တော်အနေဖြင့် ဥပဒေကြမ်း ၃၃ ခု ဆွေးနွေးခဲ့ကြောင်း၊ ဥပဒေကြမ်း ၁၆ ခုကို သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်နိုင်ခဲ့သည့် ဥပဒေကြမ်း ၁၆ ခုရှိကြောင်း ဆက်လက်ပြောကြားသည်။
“အခုလွှတ်တော်ပြန်စရင် အားချင်းလုပ်ရမယ့် ဥပဒေတွေကတော့ ကျောက်မျက်ဥပဒေလည်း ပါတယ်။ အဲဒီ ဥပဒေကလည်း စိတ်ဝင်စားမှုများတယ်။ တိုင်းပြည်အတွက်လည်း တကယ်တမ်းပြောရရင် တိတိကျကျ လုပ်ဖို့ လိုအပ်နေတယ်။ အဲဒီဥပဒေအတွက်လည်း အစည်းအဝေးတွေထိုင်ပြီးပြီ။ ကျောက်မျက်ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ဖို့ လုပ်ရမှာပေါ့။ ကျန်တဲ့ဥပဒေတွေလည်း တော်တော်များများ ရှိသေးတယ်။ အဲဒီဥပဒေတွေထဲမှာ ကျောက်မျက်ဥပဒေလည်း ပါတာပေါ့။ ကျောက်မျက်ဥပဒေတို့၊ ၆၆ (ဃ) တို့ကတော့ အရေးကြီးတာပေါ့” ဟု ဦးဇော်မင်းက ပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ တတိယပုံမှန် အစည်းအဝေးအထိ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်းများအနေဖြင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း၊ ပြည်သူ့ကောင် စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း၊ နိုင်ငံတော်ကောင်စီ ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေကြမ်း၊ ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း၊ ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းများကို အတည်ပြုဆောင်ရွက်နိုင်ခဲ့ကြောင်း ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောကြားထားသည်။
“လွှတ်တော်ပြန်စရင်တော့ ဘတ်ဂျက် ဥပဒေကြမ်းကို စလုပ်ရမှာပေါ့။ အဲဒါပြီးတော့မှ ကျန်တဲ့ဥပဒေကြမ်းတွေ ဆက်လုပ်မှာပေါ့” ဟု ဦးဇော်မင်းက ပြောကြားသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment