Wednesday, January 11, 2017

မန္တလေး-မိုးကုတ် လမ်းပိုင်းတွင် နှစ် ၄၀ ကျော် စာချုပ်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် သန္တိသစ္စာ ဆောက်လုပ်ရေး ကုမ္ပဏီမှာ စာချုပ်ပါ စည်းကမ်းချက်များဖြင့် ညီညွတ်ခြင်း မရှိသဖြင့် လုပ်ငန်းပြန်လည် သိမ်းယူရန် အဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိရန် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အတည်ပြု

မန္တလေး-မိုးကုတ် လမ်းပိုင်းတွင် နှစ် ၄၀ ကျော် စာချုပ်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် သန္တိသစ္စာ ဆောက်လုပ်ရေးကုမ္ပဏီမှာ သတ်မှတ်ထားသည့် လုပ်ငန်းပါ စာချုပ်စည်းကမ်းများဖြင့် ညီညွတ်ခြင်းမရှိသဖြင့် လုပ်ငန်းပြန်လည် သိမ်းယူရန်အတွက် အဆိုတင်သွင်းထားမှုအား ဇန်န၀ါရီ ၁၀ ရက်က တိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန်အတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့သည်။

မန္တလေး-မိုးကုတ်လမ်း၏ ရွှေကျင်မှ ငွေတောင်လမ်းပိုင်းကို လုပ်ငန်းလုပ်ပိုင်ခွင့်ရသူ သန္တိသစ္စာ ကုမ္ပဏီလီမိတက်ထံမှ စာချုပ်ပါ စည်းကမ်း မလိုက်နာသောကြောင့် လုပ်ငန်းပြန်လည် သိမ်းယူရေးအဆိုအား မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမင်းမင်းက အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆိုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လေးဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က သန္တိသစ္စာ ဆောက်လုပ်ရေးကုမ္ပဏီအား ပြည်ထောင်စုအဆင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက လိုအပ်ချက်များအား လမ်းညွှန်မှာ ကြားထားပြီဖြစ်သဖြင့် အဆိုကို လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိပေးရန်အတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လေးဦးက ထောက်ခံ ဆွေးနွေးခဲ့ရာတွင် လုပ်ပိုင်ခွင့်ရရှိထားသည့် သန္တိသစ္စာ ဆောက်လုပ်ရေးကုမ္ပဏီမှာ ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းများအား လိုက်နာခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ လမ်းပိုင်း အရည်အသွေးများကိုလည်း စနစ်တကျ လုပ်ဆောင်မှု မရှိခြင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိခြင်း၊ ယင်းကြောင့် စာချုပ်ပါ စည်းကမ်းချက် ဖောက်ဖျက်နေမှုကို ကွင်းဆင်းနေစရာ မလိုဘဲ သာမန်ကြည့်ရုံဖြင့်ပင် သိနိုင်ကြောင်း မန္တလေး-မိုးကုတ်လမ်းပိုင်းမှာ ပြည်ထောင်စုအဆင့် လမ်းပိုင်းများတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် စာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့် ကုမ္ပဏီအား အရေးယူပေးရန် တိုက်တွန်းကြောင်း အစရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အဆိုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က “သန္တိသစ္စာ ဆောက်လုပ်ရေး ကုမ္ပဏီဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၅၆ ခုနှစ်အထိ လုပ်ငန်းလုပ်ပိုင်ခွင့် ရရှိထားပါတယ်။ လမ်းပိုင်းမှာဆိုရင် ရွှေကျင်ကနေ ငွေတောင်အထိ ၄၂ မိုင် လမ်းပိုင်းကို BOT စနစ်နဲ့ လုပ်ပိုင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေး ၀န်ကြီးဌာနက ကုမ္ပဏီကို လုပ်ငန်း လုပ်ဆောင်ရမယ့် အပိုင်းတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားထားပြီးပါပြီ။ အခွန်ကောက်ခံတဲ့ နေရာတွေ၊ လမ်းပိုင်းပြုပြင်ရမယ့် အပိုင်းတွေ၊ ဂိတ်ဝန်ထမ်းတွေ ယဉ်ကျေးစွာ ဆက်ဆံတတ်ဖို့၊ သင်တန်းတွေတက်ဖို့ စတဲ့ အချက်တွေ အများကြီးကို ညွှန်ကြားထားပါတယ်။ ညွှန်ကြားထားတဲ့အတိုင်း မလိုက်နာဘူးဆိုရင် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုကို လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိပေးသင့်ပါကြောင်း တင်ပြအပ်ပါသည်” ဟု တိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

အဆိုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုတင်သွင်းခဲ့သူ၏ သဘောထားအား မေးမြန်းခဲ့ရာ အဆိုတင်သွင်းသူ မတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက “ကျွန်တော်တို့ BOT စနစ်နဲ့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေကို စနစ်တကျနဲ့ စစ်ဆေးသင့်ပါတယ်။ စည်းကမ်းမလိုက်နာတဲ့ ကုမ္ပဏီတွေကို အရေးယူလိုက်လို့လည်း စိုးရိမ်စရာ မရှိဘူးလို့ မြင်ပါတယ်။ အဲဒီလိုဆိုရင် အရည်အသွေး ကောင်းတဲ့လမ်းပိုင်းတွေ ထွက်ပေါ်လာမယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တင်ခဲ့တဲ့ အဆိုကို လွှတ်တော်ကနေ မှတ်တမ်းတင်ပေးဖို့အတွက် တင်ပြအပ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

မတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးမင်းမင်း၏ အဆိုနှင့်ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်တွင် မှတ်တမ်းအဖြစ် ထားရှိရန်အတွက် လွှတ်တော်၏ သဘောထား အားရယူခဲ့ရာတွင် လွှတ်တော်က သဘောတူသဖြင့် မှတ်တမ်းအဖြစ် ထားရှိရန်အတွက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Credit To >>> Eleven Media Group



0 comments:

Post a Comment