Wednesday, January 11, 2017

အိန္ဒိယမှ တည်ဆောက်နေသည့် စစ်တွေဆိပ်ကမ်း ယခုလအတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိ

အိန္ဒိယနိုင်ငံအစိုးရမှ တာဝန်ယူ တည်ဆောက်နေ သည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း ဆိပ်ခံတံတား (စစ်တွေဆိပ်ကမ်း) ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ကိုတော့ တင်ပြလာတာ ဒီလအတွင်းမှာ မဟုတ်ရင် ဖေဖော်ဝါရီလအတွင်းမှာ နောက်ဆုံးထားပြီး ဖွင့်လှစ်သွားဖို့ အစီစဉ်ရှိတယ်၊ လုပ်ငန်းပြီးစီးမှုက ၉၉ ရာခိုင်နှုန်းပြီးသွားပါပြီ။ ၁ ရာခိုင်နှုန်းလောက်သာ ကျန်တော့တာ၊ အပေါ်ပိုင်း အဆောက်အဦတွေလောက်ပဲ လုပ်ရတော့မှာပါ” ဟု ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

တန်ချိန် ၆၀၀၀ ထိ ဆိုက်ကပ်နိုင်မည့် အဆိုပါ ဆိပ်ခံတံတား ဖွင့်လှစ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပို့ဆောင်မည့် ကုန်စည်တင် သင်္ဘောကြီးများ အပါအဝင် ရန်ကုန်- စစ်တွေ ပြည်တွင်းရေကြောင်း ကုန်သင်္ဘောများပါ ဆိုက်ကပ်နိုင်မည်ဖြစ်သလို နိုင်ငံတကာ ကုန်သွယ်ရေး ဆိပ်ကမ်း ဖြစ်လာစေရန်အထိ မျှော်လင့်ထားကြောင်း အိန္ဒိယ ကောင်စစ်ဝန် Rajesh Kumar ကလည်း သြဂုတ်လအတွင်းက မဇ္ဈိမကို ပြောထားသည်။

“မြန်မာအစိုးရ အနေနဲ့ ဒီဆိပ်ကမ်းကို အပြည်ပြည်ဆိုင်ရာ ကုန်စည်ဆိပ်ကမ်း အဖြစ် သတ်မှတ်ပေးမယ် ဆိုရင်တော့ အိန္ဒိယ တစ်ခုတည်းတင် မကဘူး။ ထိုင်း၊ စင်္ကာပူနဲ့ တရုတ် စတဲ့ နိုင်ငံတွေနဲ့ပါ တိုက်ရိုက်တင်ပို့၊ တင်သွင်းခွင့်တွေ ရရှိလာမှာပါ။ ဒေသတွင်း စီးပွားရေး သမားတွေအနေနဲ့လည်း နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ ကိုက်ညီလို့ရှိရင်တော့ အိန္ဒိယကိုပဲဖြစ်ဖြစ် ဘယ်နိုင်ငံကိုပဲ ဖြစ်ဖြစ် တိုက်ရိုက်တင်ပို့ခွင့် ရရှိလာမှာပါ။ ဒီဆိပ်ကမ်းက အိန္ဒိယအစိုးရ တစ်ခုတည်းအတွက် မဟုတ်ပါဘူး”ဟု ၎င်းက ပြောထားသည်။

စစ်တွေဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်စည်များ တင်ပို့နိုင်ရန် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှ သီးနှံကုန်ကြမ်းများနှင့် ရေထွက် ကုန်စည်များကို အဓိက တင်ပို့မည့် ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ၁၂၀ ခန့် အကုန်ကျခံ တည်ဆောက်ခဲ့သည့် အဆိုပါဆိပ်ကမ်းကို ၂၀၀၉ ခုနှစ်က စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မူလက ၂၀၁၃ ခုနှစ်တွင် အပြီး တည်ဆောက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

Credit To >>> Mizzima Burmese

0 comments:

Post a Comment