Thursday, December 22, 2016

MIC သို့တင်ပြထားသည့် အဆိုပြုလွှာများမှ ဒေါ်လာသုံးဘီလျံနီးပါး ခွင့်ပြုရန် ကျန်ရှိနေသေးသဖြင့် လုပ်ငန်းအားလုံး ခွင့်ပြုနိုင်ခဲ့ပါက ယခုနှစ်၏ လျာထားချက်ထက် ကျော်လွန်ဝင်ရောက်ရန် ခန့်မှန်းထား

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လာရောက်တင်ပြထားသည့် အဆိုပြုလွှာ ၅၂ စောင်မှ ပမာဏဒေါ်လာ သုံးဘီလျံနီးပါး ခွင့်ပြုရန် ကျန်ရှိနေသေးကြောင်းနှင့် အဆိုပါ အဆိုပြုလွှာ ၅၂ စောင်ကို ပြီးပြတ်အောင် ခွင့်ပြုနိုင်ခဲ့ပါက ယခုဘဏ္ဍာနှစ်အတွင်း ၀င်ရောက်ရန် လျာထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက်ထက် ကျော်လွန်နိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံ ၀င်ရောက်ရန် ခန့်မှန်းထားသည်။


“လက်ထဲမှာ Proposal ၅၂ ခုလောက်က MIC ကိုဆက်ပြီး တင်ဖို့ရှိပါတယ်။ ၅၂ ခုလောက်က ပမာဏသန်းပေါင်း ၂၉၀၀ ကျော် သုံးဘီလျံ နီးနီးလောက်ရှိတယ်။ လက်ရှိမှာက ၃ ဒသမ ၆ ဘီလျံလောက် ရထားပြီ။ ၂၀၁၇ ခုနှစ် မတ်လမကုန်ခင်မှာ ၅၂ ခုလောက် ပြတ်အောင် MIC ကကြိုးစားပြီး ဆောင်ရွက်ပေးနိုင်မယ်ရင် ခြောက်ဘီလျံ ကျော်ကျော်လောက် ပြန်ဖြစ်သွားနိုင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

“မူလရည်မှန်းချက် ခြောက်ဘီလျံတားဂတ်က မနှစ်ကထက်စာရင် လျော့တယ်။ လက်ရှိမှာလည်း နှေးနေတယ်။ သို့သော်လည်း လက်ထဲမှာရှိနေတဲ့ အဆိုပြုလွှာ ၅၂ စောင်ရဲ့တန်ဖိုးက ဒေါ်လာ သုံးဘီလျံနီးနီးရှိတော့ မတ်လမကုန်ခင် ကြိုးစားပြီး ပြီးပြတ်အောင် ဆောင်ရွက်ရင် ခြောက်ဘီလျံကို ကျော်သွားနိုင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့မှုသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၇၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၂၁၄၆ ဒသမ ၉၄၃ ဖြစ်ပြီး ရင်းနှီးမြှုပ်မှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်းပေါင်း ၃၄၆၀ ဒသမ ၇၇၂ သန်း ၀င်ရောက်ခဲ့သည်။

“၃ ဒသမ ၄၆ ဘီလျံထဲမှာ သီလ၀ါ အထူးစီးပွားရေးဇုန် မပါသေးပါဘူး။ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ခွင့်ပြုထားတဲ့ပမာဏပါ ထည့်ပေါင်းမယ်ဆိုရင် ဒေါ်လာ ၃ ဒသမ ၆၅ ဘီလျံလောက် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ မနှစ်ကအနေအထားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မနှစ်ကကာလတူ အနေအထားမှာ ဒေါ်လာ ၄ ဒသမ ၉၆ ဘီလျံ ခွင့်ပြုပေးနိုင်တဲ့ အတွက်ကြောင့် အရင်နှစ်နဲ့ နှိုင်းယဉ်ရင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက် လျော့နည်းနေဆဲ ဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ လျော့ကျနေခြင်းသည် အစိုးရသစ်နှင့် အစိုးရသစ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒစသည်တို့ကို စောင့်ကြည့်နေခြင်းကြောင့်ဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်လျှင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လျော့ကျနေကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment