Thursday, December 22, 2016

(၃၅) ကြိမ်မြောက် ပြည်တွင်း ပုလဲရောင်းချပွဲတွင် အတွဲပေါင်း ၄၀၆ တွဲရောင်းချမည်ဖြစ်ပြီး အမြင့်ဆုံးအတွဲအား ၃၃၂ သိန်းဖြင့် ရောင်းချမည်


(၃၅) ကြိမ်မြောက် ပြည်တွင်း ပုလဲရောင်းချပွဲကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်တွင် ရောင်းချသွားမည်ဖြစ်သည်။

အဆိုပါရောင်းချပွဲတွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ပုလဲအတွဲ ၂၇၆ တွဲမှ အလုံးရေ ၈၄၈၅၁ တွင် အခြေခံတန်ဖိုးကျပ်ငွေ ၈၅၆၄၆၈၀၀၀ ရှိပြီး ကုမ္ပဏီသုံးခုမှ ပုလဲအတွဲ ၁၃၀ မှ အလုံးရေ ၄၂၅၅၆ တွင် အခြေခံတန်ဖိုး ကျပ်ငွေ ၈၅၂၈၉၄၆၀၀ ရှိကြောင်း သိရသည်။
ပုလဲရောင်းချပွဲတွင် တင်ဒါစနစ်ဖြင့် ရောင်းသွားမည်ဖြစ်ပြီး တင်ဒါသုံးခုခွဲခြားထားကာ တင်ဒါအမှတ် (၁) နှင့် တင်ဒါအမှတ် (၂) အား ဒီဇင်ဘာ ၂၂ ရက်တွင် ဖွင့်ဖောက်မည်ဖြစ်ပြီး တင်ဒါအမှတ် (၃) အား ဒီဇင်ဘာ ၂၃ ရက်တွင် ဖွင့်ဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပုလဲဈေးကွက်ကို ပြည်တွင်း ကုန်သည်တွေအနေနဲ့ လွယ်လွယ်ကူကူ ရောင်းနိုင်အောင်၊ ပြည်တွင်းမှာလည်း ပုလဲကိုလွယ်ကူစွာ ၀ယ်ယူသုံးစွဲလို့ရအောင်လို့ ရည်ရွယ်ပြီးတော့ ပြည်တွင်းကုန်သည်တွေပဲ သီးသန့်ရောင်းတာပါ။ ရောင်းချတာကတော့ တင်ဒါစနစ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။ ပုလဲကြမ်းခင်း ဈေးအများဆုံးကတော့ တန်ဖိုးငွေ ၃၃၂ သိန်းရှိတဲ့ အတွဲဖြစ်ပါတယ်။ အနည်းဆုံးအတွဲကတော့ ၃၆၀၀၀၀ ဖြစ်ပါတယ်”ဟု မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်မြမြ၀င်းက ပြောကြားသည်။
(၃၄) ကြိမ်မြောက် ပုလဲရောင်းချပွဲတွင် ပုလဲအတွဲပေါင်း ၃၇၆ တွဲရောင်းချခဲ့ရာ ၃၄၇ တွဲ ရောင်းချခဲ့ရကြောင်းသိရသည်။ ယခုကျင်းပသည့် (၃၅) ကြိမ်မြောက် ပြည်တွင်း ပုလဲရောင်းချပွဲသို့ ပြည်တွင်းကုန်သည် ၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Credit T o >>> Eleven Media Group

0 comments:

Post a Comment