Tuesday, December 6, 2016

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်အများစု မတက်ရောက်

ကိုဖီအာနန်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ဒီဇင်ဘာ ၅ ရက်က လွှတ်တော်ဝန်းအတွင်းရှိ ရေးရာကော်မတီဆောင်၌ တွေ့ဆုံခဲ့ရာ ရခိုင် အမျိုးသားပါတီမှ ကိုယ်စားလှယ်အများစု မတက်ရောက်ခဲ့ပေ။

“အန်တီတို့က ပြည်သူ့လွှတ်တော်မှာလည်း အဆိုတင်ခဲ့တယ်။ ကိုဖီအာနန်နဲ့ နိုင်ငံခြားသားနှစ်ဦး ပါနေတာကို လက်မခံနိုင်ဘူးဆိုတာရယ်၊ ဒီလူတွေကို မြန်မာနိုင်ငံက အတတ်ပညာရှင် အသိပညာရှင်နဲ့ လဲလှယ်ပေးဖို့ အန်တီတို့ တောင်းဆိုခဲ့တယ်။ အဲဒီအတွက် လွှတ်တော်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်ရခဲ့တယ်။ ဒါပေမဲ့ မဲခွဲဆုံးဖြတ်တဲ့အခါ အဆိုသည် ရှုံးနိမ့်ခဲ့ရတယ်။ ဒါပေမဲ့ ဒီလိုရှုံးနိမ့်တဲ့အပေါ် အန်တီတို့ဘယ်လိုမှ သဘောမထားပါဘူး။ အန်တီတို့ရဲ့ တင်ပြချက်ကို ပြည်သူတွေက ဘာကြောင့်ကန့်ကွက်ရတယ်ဆိုတာကို သိသွားတယ်။ နောက်တစ်ခါ ပြည်နယ် လွှတ်တော်မှာ ကိုဖီအာနန်ကော်မရှင်ကို အသိအမှတ်မပြုဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုတင်တယ်။ အဲဒီမှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၂၃ ဦးရှိတယ်။ တပ်မတော်သား၊ ပြည်ခိုင်ဖြိုး၊ NLD တွေလည်းရှိတယ်။ အဲဒီအခါ ဒီအဆိုဟာ တစ်ယောက်မှ ကန့်ကွက်မယ့်သူ မရှိဘဲနဲ့ အတည်ဖြစ်ခဲ့တယ်။ အဲဒီကြောင့် အန်တီတို့ ရခိုင်အမျိုးသားပါတီသည် ကိုဖီအာနန်ရဲ့ ကော်မရှင်ဖွဲ့စည်းတာကို လက်မခံတာရယ်၊ ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုတာရယ်ကြောင့် ဒီတစ်ခေါက် ကိုဖီအာနန်လာတဲ့အခါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကိုလည်း တွေ့ဆုံဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ ပြည်နယ်မှာလည်း အသိအမှတ်မပြုကြောင်း အဆိုကိုတင်ခဲ့တယ်။ အန်တီတို့ကလည်း ဒီမှာကန့်ကွက်ကြောင်း တင်ခဲ့တဲ့ အတွက်ကြောင့် တွေ့စရာမလိုအပ်ဘူးလို့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်တယ်။ နောက်တစ်ခါ ရခိုင်အမျိုးသားပါတီကလည်း အန်တီတို့နဲ့ တစ်သဘောတည်း ရှိတယ်ပေါ့နော်။ ဒါကြောင့် ဒီတစ်ခေါက် လွှတ်တော် အတွင်းမှာလည်း ပြည်သူ့လွှတ်တော် ဘက်က ဦးဘရှိန်ရယ် နောက်တစ်ဦးကို ဖိတ်တယ်လို့ ပြောပါတယ်။ နောက်တစ်ခါ အမျိုးသားလွှတ်တော်မှာလည်း ဦးတက်ထွန်းအောင်ရယ် နောက်တစ်ဦးကို ဖိတ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပါတီရဲ့ ရပ်တည်ချက်အရပဲ မတက်ရောက်ဘူးလို့ လွှတ်တော်ကို ပြန်ပြောလိုက်ကြပါတယ်။ အဲဒီအတွက်ကြောင့် အန်တီတို့ ဒါကို မတက်လိုက်ကြဘူးပေါ့ ” ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် သံတွဲမဲဆန္ဒနယ်မှ ဦးမင်းကြည် ၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နုအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်း၊ ရခိုင် အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်ထုမေက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ မည်သို့ခံစားနေရသည်၊ မည်သို့ကြုံတွေ့ရသည်ကို ကော်မရှင်အနေဖြင့် သိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တွေ့ဆုံစဉ် အတိုင်းအတာတစ်ခုအထိ ရခိုင်ပြည်သူများကိုယ်စား ပြောကြားမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment