Wednesday, June 19, 2013

ဗုဒ္ဓအလိုကျ အလှူဒါန

Wednesday, June 19, 2013

မလေးရှားတွင် အန္တရာယ် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို အစိုးရကိုယ်တိုင် ဂရုတစိုက် သွားရောက် ကူညီဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးအချို့က အပြန်ခရီးစဉ် အဆင်ပြေရန် လေယာဉ်ခ ထက်ဝက် စိုက်ပေးခြင်း၊ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့မှာ မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်သည့် အတွက် များစွာ အသိအမှတ် ပြုရမည်ဖြစ်သည်။

ယခင်က ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သက်ဆိုင်ရာ အစိုးရ အပြင် မြန်မာအစိုးရ၏ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံထားရသည့် မြန်မာသံရုံးများ၏ လျစ်လျူရှုမှုကြောင့် အလုပ်ရှင် အပါအဝင် ဒေသခံ ရဲများနှင့် လူမိုက် ဂိုဏ်းများ၏ ဖိနှိပ်၊ ရက်စက် သမျှ ခေါင်းငုံ့ခံခဲ့ရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများအဖို့ ထူးခြားသည့် အပြောင်းအလဲနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်စဉ်ကပင် ဒုက္ခရောက်နေသူ များကို ဖေးမ ကူညီတတ်သည့် မြန်မာ လူ့အဖွဲ့အစည်း၏ စိတ်ရင်းစေတနာ ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီးဖြစ်သည်။ ယခင်ကလည်း အစိုးရ က ထောက်ပံ့ ဖြည့်ဆည်း မပေးနိုင်သည့် အရာအားလုံးကို မိမိတို့ ဘာသာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်လာခဲ့သည့် သာဓကများစွာ ရှိခဲ့သည့်အပြင် ထိုကာလနောက်ပိုင်းတွင်လည်း အခက်အခဲဖြစ်သည့်နေရာဒေသ များသို့ သောက်သုံးရေ လှူဒါန်းမှုမှအစ စာသင်ကျောင်းဆောင်ဆောက်လုပ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ လမ်းဖောက်လုပ်ရေး၊ တယ်လီဖုန်း ဆက်သွယ်မှုရရှိရေး၊ စာကြည့်တိုက် ဖွင့်လှစ်ရေး၊ ဆင်းရဲချို့တဲ့သူများကို ပညာသင်စရိတ် ထောက် ပံ့ရေး၊ ဆေးကုသမှုစရိတ် ပံ့ပိုးရေး၊ ဆေးဝါး လှူဒါန်းရေး အစရှိသည့် အခြေခံ လိုအပ်ချက်များကို အများပြည်သူက တစ်ပိုင်တစ်နိုင် လှူဒါန်း ထောက်ပံ့မှုများ မရေမတွက်နိုင်အောင်ရှိခဲ့သည်။

ယနေ့ အချိန်အထိလည်း ချွေးနှဲစာထဲမှ စုပေါင်း ထည့်ဝင်မှုဖြင့် ကိုယ်ထူ ကိုယ်ထ နိုင်လွန် ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းခင်းခြင်း၊ ကိုယ်ထူ ကိုယ်ထ ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းများ ရှိနေဆဲဖြစ်သည်။ ဤအချက်သည် မြန်မာ လူ့အဖွဲ့အစည်း၏ အားကောင်းသော လူမှုရေး တန်ဖိုးများကို ဖော်ညွှန်းခြင်းဖြစ်သည်။ သို့သော် ဘာသာရေးကို အလွဲ အဓိပ္ပာယ်ကောက်၊ ပုံဖော်၊ ဖြန့်ချိဟောပြောမှုများကြောင့် လိုအပ်သည် ထက်ပိုပြီး စေတီ၊ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ် လှူဒါန်းမှုဘက်တွင် ပို၍ တိမ်းညွှတ်ကြခြင်းမှာမူ အစစ အရာရာ အားယူ ရုန်းကန်ရမည့် လက်ရှိ အခြေအနေတွင် များစွာ စဉ်းစား သုံးသပ်ရမည်ဖြစ်သည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံရှိ ရာခိုင်နှုန်း အများစုသော ပြည်သူလူထုသည် ဆင်းရဲနွမ်းပါးမှုအပြင် အစစ အရာရာ ချို့တဲ့မှုများကြောင့် ၎င်းတို့အတွက် ပံ့ပိုး ကူညီရမည့် စီမံချက်များစွာ၊ သုံးစွဲရမည့် ငွေကြေးများစွာ လိုအပ်ချက် ရှိနေသည်။ ကမ္ဘာပေါ်တွင် ကိုးကွယ်ဝတ်ပြု ဆုတောင်းစရာ စေတီ အများဆုံး တည်ရှိနေသည့် မြန်မာနိုင်ငံတွင် သိန်းပေါင်း မြောက်မြားစွာ အကုန်အကျခံပြီး စေတီအသစ် တစ်ဆူ အသစ်တည်ခြင်းသည် နိုင်ငံတော် ဘဏ္ဍာ တစ်နည်းအားဖြင့် ပြည်သူ့ဘဏ္ဍာကို အကျိုးရှိရှိ အသုံးချရာရောက် မရောက် စဉ်းစားသင့်လှသည်။ မြန်မာနိုင်ငံတွင် ဘာသာရေးခေါင်းစဉ် တပ်လိုက်ပါက အကျိုးအကြောင်းကျကျ အပြုသဘော အကြံပေးထောက်ပြမှုကိုပင် မလုပ်ရဲစေရန် မမြင်ရသည့် ဟန့်တားမှုများ ရှိနေသည်။ ထို့ကြောင့် ယခုနောက်ပိုင်း ဘာသာရေး ခုတုံးလုပ် အလွဲသုံးမှု များ အတိတ်ကာလများထက် ပိုပြီး တွေ့ မြင်နေရခြင်းဖြစ်သည်။

ယခု မလေးရှားနိုင်ငံတွင် ကြုံတွေ့ရသော အခြေအနေကို မူတည်ကာ လက်တွေ့ကျပြီး မိမိတို့နိုင်ငံသားများကိုလည်း ကာကွယ်စောင့်ရှောက် ရာရောက်သည့် လှူဒါန်းမှုများ စနစ်တကျ လုပ်ကိုင်နိုင်မည့် ဖောင်ဒေးရှင်း များ ထူထောင်သင့်ကြောင်း The Voice က အကြံပြုလိုသည်။ ကမ္ဘာပေါ် တွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံတွင် ရှိနေသည့် မြန်မာ လူ့အဖွဲ့အစည်းအတွက် လတ်တလော မဖြစ်မနေ လိုအပ်ချက် မရှိသေးသည့် စေတီ၊ ဓမ္မာရုံ၊ ကျောင်း၊ ဇရပ်အသစ်များ ဆောက်လုပ်ခြင်း၊ ပိုလျှံနေသော ဘာသာရေး အဆောက်အအုံများ၊ ပုဂ္ဂိုလ်များထံ လှူဒါန်းခြင်းတို့ကို ခေတ္တ ယာယီ ရပ်ဆိုင်းကာ အမှန်တကယ် လိုအပ်ချက်ရှိနေသည့် နယ်ပယ် များနှင့် နိုင်ငံသားများကို ကူညီစောင့်ရှောက်ခြင်းသည်သာ ဗုဒ္ဓအလိုကျ အလှူဒါနဖြစ်မည်ဟု The Voice က အခိုင်အမာ ယုံကြည်သည်။

0 comments:

Post a Comment