Tuesday, December 20, 2016

ရှုပ်ထွေးသည့် ရခိုင်ပြည်နယ်အရေးကိုဖြေရှင်းရန် မြန်မာအစိုးရအတွက် ကြိုးပမ်းဆောင်ရွက်ခွင့်နှင့် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများအား ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရှုပ်ထွေးသည့် ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရန် မြန်မာအစိုးရအတွက် ကြိုးပမ်းဆောင်ရွက်ခွင့်နှင့် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အဆိုပြုချက်အရ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ အလွတ်သဘော အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလအစပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းသုံးခုကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများကို ပြောကြားခဲ့ကြောင်း၊ လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူ့အဖွဲ့အစည်းနှစ်ခုစလုံးကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအား ကုလသမဂ္ဂ အေဂျင်စီများဖြင့်ပူးပေါင်း၍ ပေးအပ်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှုပ်ထွေးသည့် ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းဆောင်ရွက်ရန် မြန်မာအစိုးရအနေဖြင့် လေးနက်စွာ သံန္နိဋ္ဌာန်ချထားကြောင်း၊ မြန်မာအစိုးရ၏ ဆောင်ရွက်မှုများ ရလဒ်ကောင်းများ ရရှိရန် ကြိုးပမ်းဆောင်ရွက်ခွင့်နှင့် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း ပြောကြားခဲ့သလို အာဆီယံအသိုက်အ၀န်း၏ ခိုင်မာမှု အရေးကြီးပုံကို အလေးအနက် ဖော်ပြခဲ့ပြီး အာဆီယံမိသားစုဝင် နိုင်ငံများအကြား ကွဲပြားခြားနားမှုများကို ငြိမ်းချမ်းစွာ၊ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ရှင်းလင်းမှုများကို အာဆီယံမိသားစုနှင့် အာဆီယံအသိုက်အ၀န်းတို့၏ စိတ်ဓာတ်ကိုအခြေခံကာ အမြင်ချင်းဖလှယ် ပြန်လှန်ဆွေးနွေးခဲ့ကြကြောင်း၊ အာဆီယံအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအား မြန်မာအစိုးရ၏ အဆင့်လိုက် ဆောင်ရွက်နေမှုများကို ကြို ဆိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း နှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရေး၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအားလုံးကို လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအား တိုးမြှင့်ပေးရေးတို့အတွက် နည်းလမ်းများကို အကြံပြုဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဆက်လက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် ဖွံ့ဖြိုးမှုအထောက်အပံ့များအတွက် ၎င်းတို့နိုင်ငံအလိုက် အကူအညီပေးရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် မြန်မာအစိုးရ အနေဖြင့်လည်း လိုအပ်သောလူသားချင်း စာနာထောက်ထားမှု အကူအညီများ ၀င်ရောက်ခွင့်ပြုရန်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ မျှဝေအသိပေးရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံဘက်ကလည်း ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နားလည်မှု နှင့် နွေးထွေးစွာ တုံ့ပြန်မှုတို့အပေါ် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။
ယခုပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဒုတိယ၀န်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံနိုင်ငံ ခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အစည်းအဝေးအပြီးတွင် အင်ဒိုနီးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  Ms.Retno Mar- sudi က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ အစည်းအဝေးတွင် အရေးကြီးဆုံး အချက်နှစ်ခုကို အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ ပထမအချက်မှာ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် အာဆီယံနိုင်ငံများအား ကမ်းလှမ်းခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာအစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက် အထောက်အပံ့များကို ပေးအပ်သွားမည်ဟု ပြောကြားသည်။
အစည်းအဝေးအပြီးတွင် စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီး Dr. Vivian Balakrishnan ကလည်း ၎င်း၏ Facebook စာမျက်နှာ၌ 'ရခိုင်ပြည်နယ်၏ အခြေအနေသည် ရှုပ်ထွေးပြီး နှစ်ရှည်လများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အချိန်၊ အပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်ရေးနှင့် သံန္နိဋ္ဌာန်များ လိုအပ်ကြောင်း'ဟု ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် မလေးရှားနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးနှင့် ပတ်သက်ပြီး အချက် ၂၈ ချက်ပါ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မလေးရှား နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးသည် တည်တံ့စွာဖြင့် ရေရှည်ဖြေရှင်းရမည့် ကိစ္စရပ်အဖြစ် ရှုမြင်ပါကြောင်း၊ ဒေသတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုအား အကျိုးသက်ရောက် စေသည့် အဆိုပါအရေး ထပ်မံဖြစ်ပွားလာမည်ကို မြင်တွေ့ရရန် ဆန္ဒမရှိကြခြင်းကို မိမိတို့အနေဖြင့် ယုံကြည်ပါကြောင်းနှင့် ဒေသတွင်း စိုးရိမ်စရာဖြစ်သည့် အဆိုပါအခြေအနေကို အတူတကွ ပူးပေါင်း အဖြေရှာသင့်ကြောင်း အလေးပေး ဖော်ပြခဲ့သည်ဟု သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment