Wednesday, December 7, 2016

နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ရခိုင်ဒေသ တစ်ခုတည်းအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့် ခြုံ၍ စဉ်းစားလုပ်ဆောင်ရကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ရခိုင်ဒေသ တစ်ခုတည်းအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့် ခြုံ၍ စဉ်းစားလုပ်ဆောင်ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန် ဦးဆောင်သော အဖွဲ့အား ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှု၌ ကော်မရှင် ဥက္ကဋ္ဌ မစ္စတာကို ဖီအာနန်က မိမိတို့ ကော်မရှင် အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ဖြစ်စဉ်တွင် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအတွက် စိတ်မကောင်း ဖြစ်ရပါကြောင်း ဦးစွာပြောကြား၍ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့မှု အခြေအနေများ၊ နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများ၊ ကော်မရှင် အနေဖြင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်သင့်မြတ်ရေး၊ အသိုက်အ၀န်း အသီးသီးကြားတွင် ထိတွေ့ဆွေးနွေးနိုင်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အဆိုပြုချက်များကို ရေရှည်ကာလအတွက် အဓိကထား အကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးမှု ကိစ္စရပ်များတွင် ကူညီဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

ရခိုင်ပြည်နယ်၏ အရေးကိစ္စမှာ များစွာရှုပ်ထွေးမှု ရှိကြောင်း၊ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ လွတ်လပ်ရေး မရခင် အခြေအနေနှင့် လွတ်လပ်ရေးရပြီး အခြေအနေနှစ်ရပ် ရှိကြောင်း၊ ၁၉၄၈ ခုနှစ်မတိုင်မီ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ မပိုင်ဆိုင်မီ အခြေအနေတွင် ရှိနေသည့် နိုင်ငံသား အခြေအနေနှင့် လွတ်လပ်ရေး ရပြီး၍ အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီးနောက် နိုင်ငံသားများ၏ အခြေအနေဟူ၍ ရှိကြောင်း၊ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ မိမိတို့ အနေဖြင့် ရခိုင်ဒေသ တစ်ခုတည်းအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့် ခြုံ၍ စဉ်းစားလုပ်ဆောင်ရကြောင်း၊ ၁၉၄၈ ခုနှစ်မတိုင်မီ ရခိုင်ဒေသတွင် ရောက်ရှိနေသည့် ဘင်္ဂါလီများနှင့် ပတ်သက်၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရ ထုတ်ပြန်သည့် ဥပဒေများနှင့် အသိအမှတ်ပြုခဲ့သည်များ ရှိကြောင်း၊ သို့သော်လည်း ခိုင်လုံမှု မရှိသဖြင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေနှင့် ထပ်မံစိစစ် ဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေနှင့် အညီ အားလုံးစိစစ်မှု ခံယူရန် လိုအပ်ပြီး ဥပဒေနှင့် ညီညွတ်သူ အားလုံးကိုလည်း အသိအမှတ်ပြုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ပြောကြားကြောင်း သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေသတွင် နေထိုင်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိနားလည်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ယင်းသို့ နေထိုင် လုပ်ကိုင်ခြင်း မရှိဘဲ မိမိဘာသာ ရပ်တည်ချက်ဖြင့် နေထိုင်၍ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း၊ နိုင်ငံတော်၏ ဥပဒေစည်းမျဉ်းများကို ဆန့်ကျင်ခြင်းတို့မှာ မဖြစ်နိုင်ကြောင်း ပြောကြားသည်။

တပ်မတော် အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့်လည်း NVC ကတ်များ ထုတ်ယူရမည် ဖြစ်ကြောင်း၊ သို့မဟုတ် IDP Camp တွင် စုစည်းနေထိုင်ရန် လိုကြောင်း၊ သို့မှသာ Registration လုပ်ငန်းများနှင့် Identify လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်း လုပ်ငန်းအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် Identify လုပ်ငန်းများကို စနစ်တကျ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထို့အတူ တပ်မတော်အပေါ် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ ပြောကြားရာတွင် သတင်းမီဒီယာ တချို့တွင် တပ်မတော်က လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိကြောင်း၊ လူသတ်မှု၊ မုဒိမ်းမှုများနှင့် ပတ်သက်၍ မြေပြင်တပ်များက တင်ပြချက်အရ ယင်းဖြစ်စဉ်များ မရှိကြောင်း၊ မီးရှို့ခြင်းနှင့် ပတ်သက်၍ သူတို့ကိုယ်တိုင် အချင်းချင်း မီးရှို့သည်များလည်း ရှိကြောင်း၊ အိမ်မီးလောင်ပါက အိမ်အသစ်ရမည်ဆိုပြီး လုပ်ဆောင်သည်များလည်း ရှိနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မိမိတို့ တပ်မတော်ကသာ အဓိကပြန်လည် လုပ်ဆောင်ပေးရသည့် အစဉ်အလာနှင့် အတွေ့အကြုံများစွာ ရှိခြင်းကြောင့် တပ်မတော်က အိမ်များကို မီးရှို့ခြင်းမှာ မဖြစ်နိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှု အခြေအနေများ၊ အောက်တိုဘာလ ဖြစ်စဉ်ကြောင့် အသိုက်အ၀န်းနှစ်ခုကြား တင်းမာမှု ဖြစ်ပေါ်ခဲ့ပြီး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရရှိသည့် အခြေအနေများ၊ လူငယ်အချင်းချင်း အနေဖြင့် ထိတွေ့ဆက်ဆံမှုများ ရှိသော်လည်း ရခိုင်အသိုက်အ၀န်းမှ အသက်ကြီးသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း၊ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံနှင့် တပ်မတော်အတွက် အထောက်အကူပြုနိုင်မည့် အစီရင်ခံစာ ပြုစုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment