Thursday, December 22, 2016

မြန်မာနိုင်ငံတွင် ခိုင်မာအားကောင်းပြီး တည်ငြိမ်သည့် ငွေရေးကြေးရေး ကဏ္ဍတစ်ရပ် ဖော်ဆောင်မြှင့်တင်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ကို အတိုးမဲ့နှစ်ရှည် ချေးငွေအဖြစ် ပေးအပ်မည်


မြန်မာနိုင်ငံတွင် ခိုင်မာအားကောင်းပြီး တည်ငြိမ်သည့် ငွေရေးကြေးရေး ကဏ္ဍတစ်ရပ် ဖော်ဆောင် မြှင့်တင်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ကို ချေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အကျိုးပြုနိုင်မည့် ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရအား ဒေါ်လာ သန်း ၁၀၀ အားချေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် ခိုင်မာအားကောင်းပြီး တည်ငြိမ်သည့် ငွေရေးကြေးရေး ကဏ္ဍတစ်ရပ်ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်နိုင်ငံလုံးတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့နိုင်ရန်၊ ချေးငွေနှင့် ငွေရေးကြေးရေး ၀န်ဆောင်မှုအမျိုးမျိုးကို တိုးတက်ရရှိနိုင်စေရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းပြည်၏ တိုးတက်ရန် အားယူနေသည့် အသေးစား ငွေချေးလုပ်ငန်းများနှင့် အာမခံလုပ်ငန်း ကဏ္ဍများကိုလည်း မြှင့်တင်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံပိုင်ဘဏ်တွေကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်း၊ ငွေရေးကြေးရေးကဏ္ဍ၏ ဥပဒေနှင့် ကြီးကြပ်ကွပ်ကွဲမှု မူဘောင်များကို အားကောင်းခိုင်မာစေရန် ဆောင်ရွက်ခြင်း၊ ငွေရေးကြေးရေးကဏ္ဍ အခြေခံအဆောက်အအုံများကို ခေတ်မီတိုးတက်စေခြင်းဖြင့် တစ်နိုင်ငံလုံးမှာရှိကြတဲ့ မိသားစုပြည်သူတွေ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အကျိုးပြုနိုင်မယ့် ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်ရာမှာ ယခုစီမံကိန်းက အထောက်အကူပြုနိုင်ပါလိမ့်မယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍသည် တိုင်းပြည်၏ တိုးတက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် မဖြည့်ဆည်းပေးနိုင်သေးပါ။ ကမ္ဘာပေါ်တွင် ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်းများ အသုံးပြုနိုင်မှုတွင် နောက်အကျဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်သည်။ အရွယ်ရောက်ပြီးသူများ အားလုံး၏ ရာခိုင်နှုန်း ၃၀ အောက်သာ ငွေရေးကြေးရေး ၀န်ဆောင်မှုများရရှိကြကာ ကျေးလက်ဒေသများတွင် ထို့ထက်ပင် ပိုမိုနည်းပါးကြောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် အကြီးဆုံးသော အခက်အခဲ အတားအဆီးတစ်ခုမှာ ငွေကြေးအရင်းအနှီးရရှိရန် ခက်ခဲသည့်အပိုင်းပင် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောကြားကြသည်။

“ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်းအမျိုးမျိုးနဲ့ အသေးစားချေးငွေတွေကို ရရှိနိုင်လာမှာ ဖြစ်ပါတယ်။ ချေးငွေတွေ ပိုရရှိလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့လာနိုင်မှာဖြစ်ပြီး ဒါဟာဝင်ငွေတွေ ပိုမိုတိုးတက်လာဖို့ အခွင့်အလမ်းတစ်ခုဖြစ်သလို လူတွေကိုလည်း အလုပ်တွေပေးနိုင်ပါလိမ့်မယ်။ တောင်သူလယ်သမားတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ၊ ၀င်ငွေနည်းပါးတဲ့ မိသားစုတွေအားလုံး အကျိုးခံစားရမှာ ဖြစ်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau ကပြောကြားသည်။

အဆိုပါချေးငွေသည် ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အထူးရည်ရွယ်ထားသည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့၏ ရန်ပုံငွေမှဖြစ်ပြီး ချေးငွေ၏ သက်တမ်းမှာ ၃၈နှစ်ဖြစ်ကာ ချေးငွေပြန်ဆပ်ရန် ဆိုင်းငံ့ကာလ ခြောက်နှစ် ရရှိမည်ဖြစ်ပြီး အတိုးမဲ့ နှစ်ရှည်ချေးငွေဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment