Friday, December 2, 2016

ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ လာမည့်နှစ်တွင် အချိုးညီဖွံ့ဖြိုးတိုးတက်စေရန် အခွန်သက်သာခွင့်များအား ဇုန်အလိုက် သတ်မှတ်ထား

နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် အဓိကအကောင်အထည်ဖော်ဆောင် ရွက်သွားမည့် ရည်မှန်းချက်များကိုကြည့်မည်ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတသည့် ဖွံ့ဖြိုးမှုရရှိရေး၊ စွမ်းရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များပေါ်ထွန်းလာ ရေးနှင့် တီထွင်ဆန်းသစ်မှုရှိပြီး အစဉ်အမြဲတိုးတက်နေရန် ထိန်းသိမ်းထားနိုင်သည့် စီးပွားရေးစနစ်ကို ထူထောင်ရေးတို့ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်သည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ဒုတိယသမ္မတက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က နေပြည်တော် MICC(2) ၌ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များကိုတွေ့ဆုံပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စီမံဆောင်ရွက်အားပေးခဲ့ကြောင်း၊ တစ်ဆက် တည်းမှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင် များနှင့် မကြာခဏတွေ့ဆုံဆွေးနွေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့အပြင် မိမိအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရန်မှာကြားမှုအရ ယနေ့ မိမိတို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးကြ ခြင်းဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အလွန်အရေးကြီးပါ ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လက်တွေ့ဆောင်ရွက်ကြရသည့် စီးပွားရေးလုပ်ငန်းရှင်များ ယနေ့ တွေ့ကြုံရသည့် အခက်အခဲများကို မိမိတို့သိရှိနိုင်ရန် လာရောက်နားထောင်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး စီးပွားရေးမူဝါဒ(၁၂)ရပ်နှင့်အတူ မျှော်မှန်း ချက်၊ ရည်မှန်းချက်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ထို့အတူ နိုင်ငံတော်၏ အမျိုးသားအဆင့် စီးပွားရေးမူဝါဒကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစီးပွားရေးကဏ္ဍအလိုက် မူဝါဒ၊ လုပ်ငန်းစဉ်များရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော်နေပါကြောင်း၊ စီးပွားရေးမူဝါဒ၏ အဓိကကျသောကဏ္ဍဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး နိုင်ငံစီးပွားရေး တိုးတက် ဖော်ဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ နည်း ဥပဒေနှင့် အမိန့်ကြေညာချက်များကိုလည်း မကြာခင် ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ နိုင်ငံတော်၏ စီးပွားရေး မူဝါဒ မူဘောင်နှင့်အညီ လာမည့်နှစ်သစ်တွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အားလုံး အချိုးညီဖွံ့ဖြိုးတိုးတက်စေရန် ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃)ဟူ၍ ဇုန်အလိုက်ခွဲခြားပြီး ကွဲပြားသည့် အခွန်သက်သာခွင့်များအား ဇုန်အလိုက်သတ်မှတ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ပထမအကြိမ်အစည်း အဝေးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတော်တွင် အဓိကဆောင်ရွက်မည့် မူဝါဒများနှင့်ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်း များနှင့် မဏ္ဍိုင်များလည်းရှိကြောင်း၊ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသည် အလွန်ကျယ်ဝန်းသည့်အတွက် စနစ်တကျဆောင်ရွက်ရန် လမ်းပြ မြေပုံလိုအပ်ပါကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာ ဌာနများ၊ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများနှင့် ပူးပေါင်းရေးဆွဲခဲ့ပါကြောင်း၊ မဏ္ဍိုင်(၅)ရပ်ဆိုသည်မှာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးမဏ္ဍိုင်၊ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာ ဆောင်ရွက်ရေးမဏ္ဍိုင်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအားပေးမြှင့်တင်ရေး မဏ္ဍိုင်၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ နိုင်ငံ၏အခန်းကဏ္ဍပြန်လည်ရေးဆွဲရေး မဏ္ဍိုင်နှင့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးမဏ္ဍိုင်တို့ ပါဝင်ကြောင်း၊၄င်းမဏ္ဍိုင်(၅)ရပ်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ (၅)ခု ဖွဲ့စည်းဆောင်ရွက်
မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒုတိယသမ္မတက ဥပဒေလုပ်ထုံးလုပ်နည်းများ အလေ့အထ များသည်လည်း ဒေသတွင်းနှင့် နိုင်ငံတကာစံနှုန်းများဖြင့် မကိုက်ညီဘဲ ခေတ်မမီတော့ခြင်း စသည့်အားနည်းချက်များကို မြန်ဆန်ထိရောက်စွာ ဖြေရှင်းပေး နိုင်ရန် ယခုကဲ့သို့ ဆွေးနွေးပွဲများမှ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်သွားနိုင်မည် ဟု ယုံကြည်ပါကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းရာတွင်လည်း ချက်ချင်းဖြေရှင်းရနိုင်သောကိစ္စများကို အချိန်မဆိုင်းဘဲ ဖြေရှင်းဆောင်ရွက် ပေးရန်၊ လတ်တလောဖြေရှင်းမရသေးသော ကိစ္စများရှိလျှင်လည်း မြန်မြန် ဖြေရှင်းပေးနိုင်လေ တိုင်းပြည်နှင့်ပြည်သူ အကျိုးမြန်မြန်ရှိလေဆိုသည့် စိတ်ဓာတ်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ချက်ချင်း ပြန်လည်ဆွေးနွေးသုံးသပ်ပြီး အမြန်ဆုံးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး နိုင်ရေးကြိုးပမ်းကြရန်၊ အစိုးရဌာနများအနေဖြင့် လုပ်ငန်းများလုပ်ဆောင်ရာ တွင် လွယ်ကူရှင်းလင်းသည့်စနစ်၊ ပွင့်လင်းမြင်သာသောစနစ်များနှင့် ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေး အဂတိတရားကင်းကင်းဖြင့် ဆောင်ရွက် ကြရန်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတိုးတက်မှုကို ရှေးရှုမှုနှင့် အတို
မိပါဝင်သည့် စီးပွားရေးကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိမိလုပ်ငန်းနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်ပတ်သက်သည့် လူမှုစီးပွားဝန်းကျင် တစ်ခုလုံးကိုပါ အတူတကွ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံစီးပွားရေးတစ်ခုလုံး ကိုပါ အထောက်အကူဖြစ်စေမည့် စီးပွားရေးသမားကောင်းများဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များက တရားမဝင်ကုန်သွယ်မှု ကဏ္ဍ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စ၊ ဆန်၊ ပဲ၊ နှမ်း၊ ရေထွက်ပစ္စည်း၊ မွေးမြူရေး၊ သစ်တောထွက်ပစ္စည်း၊ အထည်အလိပ်၊ ခရီးသွား လုပ်ငန်းစသည့် ပို့ကုန်မြှင့်တင်ရေးကဏ္ဍများ၊ ရန်ကုန်မြို့သစ် စီမံကိန်းကဏ္ဍ နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

Credit To >>> The Mirror Daily




0 comments:

Post a Comment