Monday, December 5, 2016

အစိုးရနှင့်အကျိုးတူ ပူးပေါင်းမည့် ပြည်ပရေနံကုမ္ပဏီ ရွေးချယ်ရန် သမ္မတရုံးသို့ တင်ပြထားဟုဆို

စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခြင်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ပြည်ပကုမ္ပဏီအား အမှတ်ပေး အကဲဖြတ်ကာ သမ္မတရုံးထံ တင်ပြထားပြီးဖြစ်ကြောင်း ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့်စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက် ရန် ပြည်ပရေနံကုမ္ပဏီသုံးခုက တင်ဒါဝင်ရောက် ယှဉ်ပြိုင်ထားရာ သက်ဆိုင်ရာဝန်ကြီးဌာနက အကဲဖြတ်မှု ပြုလုပ်ထားပြီးနောက် သမ္မတရုံး (သို့မဟုတ်) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချမှုကို အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် နိုင်ငံတကာ ရှိ ရေနံကုမ္ပဏီကြီးများကို ယခင်အစိုးရလက်ထက် ၂၀၁၅ နှစ် လယ်ပိုင်းကတည်းက တင်ဒါ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။


အဆိုပါ လုပ်ငန်းအတွက် တင်ဒါစတင်ရောင်းချခဲ့စဉ်က ပြည်ပကုမ္ပဏီ ၁၄ ခု တင်ဒါပုံစံ များ ဝယ်ယူခဲ့သော်လည်း Indian Oil ကော်ပိုရေးရှင်း၊ Puma Energy Group လီမိတက်၊PT.Pertamina(PERSERO) နှင့် Idemitsu International (Asia)Pte လီမိတက် ကုမ္ပဏီလေးခုသာ နောက်ဆုံးအဆင့် လျှောက်ထားမှု ရှိခဲ့ကြောင်း မူလက သတင်းထုတ် ပြန်ခဲ့သည်။

ယင်းကုမ္ပဏီလေးခုအနက် ဂျပန်ကုမ္ပဏီဖြစ်သည့် Idemitsu International (Asia)Pte ကုမ္ပဏီ သည် တင်ဒါလျှောက်လွှာ တင် စဉ်ကတည်းက လိုအပ်သည့် အချက်အလက် ပြည့်မီခြင်းမရှိ သောကြောင့် ချန်လှပ်ခံခဲ့ရ၍ နောက်ဆုံး ယှဉ်ပြိုင်ခွင့် အတွက် ကုမ္ပဏီသုံးခုသာ ကျန်ခဲ့ခြင်းဖြစ် သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ၂၀၁၁ အတွင်း နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့ နှစ်ရှည် လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးအပ်ခဲ့ ပြီး ပြည်တွင်းစက်သုံးဆီရောင်းချမှုကို ရပ်နားထားခဲ့ရာမှ တစ်ကျော့ပြန် ဝင်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment