Friday, November 4, 2016

ယခုလကုန်ပိုင်းတွင် ကျင်းပမည့် ကျောက်မျက်ပြပွဲ ရောင်းအားကောင်းမည်ဟု မျှော်လင့်လျက်ရှိ

ယခုလကုန်ပိုင်းတွင် ကျင်းပမည့် မြန်မာနှစ်လယ် ကျောက်မျက် ရတနာပြပွဲ ၌ ကျောက်စိမ်းအတွဲပေါင်း ရှစ်ထောင်ခန့် ပါဝင်ပြသ ရောင်းချ မည်ဟု နိုင်ငံပိုင် မီဒီယာများက အင်္ဂါနေ့တွင် ဖော်ပြ သည်။ နှစ်လယ် ကျောက်မျက် ရတနာ ပြပွဲကို နေပြည်တော်၌ နိုဝင်ဘာ ၂၀ မှ ၂၉ အထိ ကျင်းပမည်ဖြစ်သည်။

ပြပွဲ၌ ခင်းကျင်းပြသ ရောင်းချမည့် ကျောက်စိမ်း အရိုင်းတုံး အတွဲများ၊ ကျောက်မျက် ရတနာများ၊ ပုလဲအတွဲများနှင့် လက်ဝတ်ရတနာများ အားလုံးကို ယူရိုဖြင့် ရောင်းချမည်ဖြစ်သည်။ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်ဖြစ်သည်။

ပြီးခဲ့သည့် လက ဖားကန့်မြို့နယ်၌ တွေ့ရှိခဲ့သည့် တန်ချိန် ၂၁၀ ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးအား ဖြတ်တောက်၍ ယခုနှစ်ပြပွဲတွင် ပြသရန် စီစဉ်ထားသည်ဟု သိရသည်။

ယခင်က အမေရိကန်နိုင်ငံက ချမှတ်ထားခဲ့သည့် စီးပွားရေး ပိတ်ဆို့မှုများ ကို ရှောင်ကွင်းနိုင်ရန် မြန်မာနိုင်ငံ၌ ကျောက်မျက်ရတနာများ ရောင်းဝယ်ရာတွင် ယူရိုကို အသုံးပြုကြသည်။ သို့သော် အမေရိကန်နိုင်ငံက ကျောက်စိမ်းနှင့် ပတ္တမြား တင်သွင်းခြင်းအပါအ၀င် ပိတ်ဆို့မှု အများစုကို အောက်တိုဘာလ အတွင်းက ရုပ်သိမ်းပြီးဖြစ်သည်။

အမေရိကန် ကျောက်မျက်ရတနာ ကုန်သွယ်ရေးအသင်း (AGTA) သည် ပြီးခဲ့သည့် လဆန်းတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှု ပြန်လည်တည်ထောင်ရန် ကူညီဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာနှစ်လယ် ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံသားများကို ဖိတ်ကြားထားသော်လည်း တက်ရောက်မည့် အရေအတွက်ကို မသိရသေးဟု ပြပွဲတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးခင်မောင်ဆန်းက ပြောကြားသည်။

ယခင်နှစ် ကျောက်မျက်ပြပွဲတွင် ကျောက်မျက်ရတနာ အတွဲများ ဈေးပြိုင်စနစ်ဖြင့် ၀ယ်ယူမည့် ပြည်တွင်းပြည်ပ ကုန်သည်များအနေဖြင့် အာမခံငွေ ဒေါ်လာ ၁၀,၀၀၀ ကြိုတင်ပေးသွင်းရန် သတ်မှတ်ထားသည်။ ကျောက်စိမ်းတွဲများ ဈေးပြိုင်စနစ်ဖြင့် ၀ယ်ယူမည့် ပြည်တွင်းကုန်သည်များအတွက် ကြိုတင်အာမခံငွေ ဒေါ်လာ ၂၀,၀၀၀ နှင့် ပြည်ပကုန်သည်များအတွက် ဒေါ်လာ ၅၀,၀၀၀ သတ်မှတ်ထားသည်။


အစိုးရသစ်က မြန်မာ့ကျောက်စိမ်းလုပ်ငန်းမှ တရုတ်ကုန်သည်များသာ တစ်ဖက်သတ် အကျိုးအမြတ်ရနေခြင်းကို တုံ့ပြန်ရန် ကျောက်စိမ်းလေလံပွဲများ၌ အခွန်နှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိသို့ တိုးမြှင့်ခဲ့သည်။

ထိုအခွန်ငွေက အစိုးရ၏ ၀င်ငွေနှင့် သုံးငွေ မှတစ်ဆင့် ပြည်တွင်း စီးပွားရေးကို အထောက်အကူပြုရန် ရည်မှန်းသော်လည်း အခွန်နှုန်း မြင့်မားလာမှုကြောင့် တရားဝင် လေလံပွဲတွင် ရောင်းချခြင်းအစား တရားမ၀င် မှောင်ခိုရောင်းချခြင်းများ ပိုမိုလာစေနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

Credit To >>> The Ladies News

0 comments:

Post a Comment