Wednesday, October 5, 2016

လူသားတွေကို အထိခိုက်အနစ်နာခံစေပြီးမှ ထုတ်လုပ်ရရှိနေတဲ့ Lithium Battery


ယနေ့ခေတ် နည်းပညာမြင့်အီလက်ထရောနစ် ပစ္စည်းတွေအတွက် စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ဘထ္ထရီတွေဟာ ညစ်ပတ်ပေရေနေတဲ့၊ တစ်ခါတစ်ခါ လူ့အသက်ကိုတောင် ခြိမ်းခြောက်နေတဲ့ လုပ်ငန်းခွင်တွေကနေ ထုတ်ယူရရှိတဲ့ ပစ္စည်းတွေသုံးပြီး ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လူသုံးကုန်နည်းပညာကုမ္ပဏီကြီးတွေဟာ သူတို့ထုတ်လုပ်တဲ့ နည်းပညာပစ္စည်းထုတ်ကုန်တွေထဲမှာ ထည့်သွင်းဖွဲ့စည်းထားတဲ့ပစ္စည်းတွေရဲ့ မူလအစ ဘယ်ကနေလာသလဲဆိုတာ ခွဲခြမ်းစိတ်ဖြာဖို့ကြိုးစားနေကြရတယ်ဆိုတဲ့အကြောင်း သင်သိချင်သိနေပါလိမ့်မယ်။ယနေ့ခေတ် နည်းပညာပစ္စည်းတွေမှာ မရှိမဖြစ် ထည့်သုံးထားရတဲ့Lithium Battery ထုတ်လုပ်ပုံအကြောင်းနဲ့ ယင်းရဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုအကြောင်းကို နိုင်ငံတကာသတင်းစာတွေမှာဖော်ပြနေကြပါတယ်။

ယင်းဘထ္ထရီ ဖြစ်မလာခင် မူလ အရင်းခံသတ္ထုတွေ ထုတ်လုပ်မှုကနေ လူတွေရဲ့ ဘ၀၊အသက်စည်းစိမ်တွေအပေါ် ဘယ်လိုမျိုး ထိခိုက်ဆုံးရှုံးစေသလဲဆိုတာကို Washington Post သတင်းစာက လိုက်လံကြည့်ရှုလေ့လာထားတာတွေရှိပါတယ်။
ဥပမာအနေနဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက Graphite လို့ ခေါ်တဲ့ခဲနက် ထုတ်စက်ရုံတစ်ရုံအနီးမှာ နေရတဲ့ လယ်သမားလေး Yu Yuanကြုံတွေ့နေခဲ့ရတဲ့ အခြေအနေကို ဖော်ပြခဲ့ပါတယ်။ ဗီဒီယိုတစ်ခုမှာဆိုရင် သူဟာ သူ့အိမ်က ပြတင်းပေါက်အောက်ခံဘောင်ပေါ်မှာ ပုံခဲနေတဲ့အညစ်အကြေးဖုန်မှုန့်တွေကို ရိုက်ပုတ်နေရပြီးတော့ ခြံထဲက အသီးအစေ့မအောင်မြင်တော့တဲ့ သီးနှံစိုက်ခင်းကိုလည်း လိုက်ပြနေတာကို တွေ့ရပါတယ်။ 


သီးနှံတွေကတော့ ခဲနက်အမှုန်တွေကြောင့် အနက်ရောင်ပြောင်းသွားခဲ့ပြီး မအောင်မြင်တော့ဘူးလို့လည်း သူက ပြောပါတယ်။ သူတို့အိမ်နားကခဲနက်စက်ရုံကလာတဲ့ ဓါတုအညစ်အကြေးအမှုန်တွေကြောင့် သူနဲ့သူ့ဇနီးတို့က သူတို့ နေ့စဉ် ရှုနေရတဲ့လေနဲ့ သောက်သုံးရေတွေ သန့်ရှင်းမှုမရှိတော့တဲ့အပေါ် စိုးရိမ်နေကြရပါပြီ။ " ဒီစက်ရုံလာထောင်ပြီးကတည်း ဒီနေရာက ဘာမှမရှိတော့အောင်ကို ပျက်စီးသွားခဲ့ရပါပြီ" သူက ပြောပါတယ်။

ခဲနက်တွေကို တရုတ်နိုင်ငံမှာပဲ အများဆုံးတူးဖော်ထုတ်လုပ်နေပြီးတော့ cobalt ကိုဗော့သတ္ထုကိုတော့ ကွန်ဂိုနိုင်ငံက မိုင်တွင်းကနေ ရရှိတယ်။အဲဒီ ကွန်ဂိုနိုင်ငံမှာဆိုရင်လည်း မိုင်းတွင်းလုပ်သားတွေဟာ သူတို့ကိုယ်ပိုင်နေအိမ်တွေရဲ့ ကြမ်းပြင်အောက်ကိုတောင် တူးပြီး သတ္ထုရှာတာမျိုးတွေတောင် ရှိကြတယ်။ တစ်ခါတစ်ခါ မိုင်းတွင်းတွေပြိုကျလို့ ဒဏ်ရာရကြတာ၊ လူသေဆုံးတာမျိုးတွေလည်းပုံမှန်လိုဖြစ်နေကြပါတယ်။

အဲဒီ သတ္ထုတွေ တူးပြီးတာနဲ့ ဒီသတ္တုတွေဟာ ဘတ္တရီထုတ်လုပ်ဖို့အတွက် အာရှဒေသကိုတင်ပို့ခြင်းခံရပါတယ်၊ အဲဒီမှာ ကုမ္ပဏီတွေက သင်တို့အသုံးပြုနေတဲ့ နည်းပညာပစ္စည်းတွေမှာ သုံးမယ့် ဘထ္ထရီ
အစိတ်အပိုင်းတွေအဖြစ် ခုနက သတ္ထုတွေနဲ့ ပြောင်းလဲထုတ်လုပ်တယ်။ 
ကမ္ဘာပေါ်မှာ အကြီးဆုံး ဘထ္ထရီထုတ်လုပ်သူတွေဖြစ်တဲ့ Samsung SDI ၊ LG Chem နဲ့ Panasonic တို့ဟာ တပ်ဆင်အစိတ်အပိုင်းတွေကို ၀ယ်ပြီး ဘထ္ထရီတွေအဖြစ် ပြောင်းလဲထုတ်လုပ်တယ်၊ ပြီးတာနဲ့ အဲဒီဘထ္ထရီတွေကဖုန်းတွေ၊ ကားတွေနဲ့ ကွန်ပြူတာတွေဆီ ရောက်သွားကြတယ်။

Lithium Battery ဆိုတာက အခြားဘထ္ထရီတွေနဲ့ ယှဉ်ရင် ပေါ့ပါးပြီးစွမ်းအင်မြင့်မားမှုရှိပါတယ်။ အဲဒီဘထ္ထရီကို စွမ်းအငအရင်းအမြစ်အနေနဲ့ မသုံးဘဲနဲ့တော့ စမတ်ဖုန်းတွေကို ဘယ်လိုထုတ်လုပ်မလဲဆိုတာကတော့ စဉ်းစားရ ခပ်ခက်ခက်ပါပဲ။ အဲဒီ ဘထ္ထရီတွေကပဲ ဟိုက်ဘရစ်ဒ်ကားတွေကို အားတွေဖြည့်ပေးနိုင်တယ်၊ လျှပ်စစ်ကားတွေဆိုလည်း သူတို့မရှိရင် အလုပ်မဖြစ်သလောက်ပါပဲ။

လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့နေရာမှာအဓိကအချက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ သန့်ရှင်းမှုရှိမယ်ဆိုတဲ့အချက်ပါပဲ။ အဲဒီအချက်ကတော့ ကားတွေကို ရောင်းချပေးနေတဲ့ နိုင်ငံတွေမှာတော့မှန်ချင်မှန်နိုင်ပေမယ့်လည်း အမှန်စင်စစ် ဒီကားတွေမှာပါတဲ့ အဓိကပစ္စည်းတွေက ဘယ်လိုအခြေအနေမျိုးနဲ့ ဖြတ်ကျော်ပြီးမှ ဖြစ်လာရသလဲဆိုတာကိုတော့ ကျွန်တော်တို့ လေးလေးနက်နက် စဉ်းစားဖိုတော့လိုပါလိမ့်မယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment