
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများမှာ အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ သုံးရက်ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်းနှင့် ကေအိုင်အေ ဗဟိုရုံးစိုက်ရာ လိုင်ဇာမြို့မြောက်ဘက် အင်ခရမ်း တောင်ကြောအား တပ်မတော်က သိမ်းပိုက်ခဲ့သည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း KIO/KIA ဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
တပ်မတော်နှင့် ကေအိုင်အေတို့သည် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွင်း တိုက်ပွဲများ နှစ်ပတ်နီးပါးကြာ ရပ်နားခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ အောက်တိုဘာ ၁ ရက်အထိ ကေအိုင်အေ ဗဟိုရုံးစိုက်ရာ လိုင်ဇာမြို့မြောက်ဘက် အင်ခရမ်း တောင်ကြောပေါ်တွင် ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယခုတိုက်ခိုက်မှုများတွင် တပ်မတော်ဘက်မှ လက်နက်ကြီးများ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ရသည့် အကြောင်းရင်းကိုမူ တပ်မတော်ရော ကေအိုင်အေပါ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။
KIO/KIA ဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “အောက်တိုဘာ ၁ ရက်က ဖြစ်တယ်။ နောက်ပိုင်းရက်မှာ မဖြစ်သေးဘူး။ ပစ်ခတ်မှုလည်း ဘာမျှမရှိပါဘူး။ နားများနေတာလား မသိဘူး။ စိုးရိမ်တာကတော့ ရှိနေကြတယ်။ ငြိမ်းချမ်းရေး ညီလာခံပြီး နောက်ပိုင်းမှာ စက်တင်ဘာ ၁၁ ရက် နောက်ပိုင်း တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ကေအိုင်အေဘက်က ဘယ်နှဦးကျတယ် ဆိုတာလည်း ကျွန်တော်တို့ မသိရပါဘူး။ တပ်မတော်ဘက်လည်း ကျဆုံးတယ်ပြောတယ်။ ဘယ်နှစ်ယောက်ကျလဲ ကျွန်တော်တို့ စာရင်းအတိအကျ မရပါဘူး။ ကျဆုံးမှုများတယ် ဆိုတာပဲ သိရတယ်။ ဖေ့စ်ဘွက် (လူမှုကွန်ရက်စာမျက်နှာ) မှာ အင်ခရမ်း တောင်ကြောကို တပ်မတော်က သိမ်းလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ လိုင်ဇာမြို့ ရှေ့တန်းကာ ကင်းကုန်းတွေဖြစ်တဲ့ ဂျိလွန်ပို့စ်၊ လိုင်ဖောင်းပို့စ်၊ အင်ခရမ် ပို့စ်သုံးခုစလုံး ဒီအတိုင်းပါပဲ။ ဒီနေ့ပဲ ဖုန်းအဆက်အသွယ် ရပါတယ်” ဟု ပြောကြားသည်။
၂၀၁၁ ခုနှစ်ကတည်းက တိမ်းရှောင်နေရသော ကချင်စစ်ဘေး ဒုက္ခသည်များ၏ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ ဆွတ်ငိုင်စစ်ဘေး ဒုက္ခသည်စခန်းအား စက်တင်ဘာလ အတွင်းက တွေ့ရစဉ်
လိုင်ဇာဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာချုပ်သို့ ဆက်သွယ်မေးမြန်း သော်လည်း အလုပ်မအား သေးကြောင်းသာ ဖြေကြားခဲ့သည်။ စက်တင်ဘာ ၂၂ ရက်က မြန်မာတပ်မတော်မှ သတင်းထုတ်ပြန်ချက်တွင် ၀ိုင်းမော်မြို့နယ်အတွင်း ပုံမှန်အုပ်ချုပ်မှု ဆောင်ရွက်နေသည့် ကိစ္စရပ်များအတွက် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို စက်တင်ဘာ ၂၁ ရက်က ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ ဆွဲမိုင်းနှစ်လုံး ဖောက်ခွဲတိုက်ခိုက် ခဲ့သဖြင့် တပ်မတော်သားအချို့ ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လိုင်ဇာဝန်းကျင်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ကေအိုင်အေနှင့် ကချင်လူထုကပါ စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စက်တင်ဘာ လကုန်ပိုင်းတွင် မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က အကြံပြုစာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ကေအိုင်အေ ရှေ့တန်းစစ်မြေပြင်တွင် ရင်ဆိုင်နေရသည့် မိဘများကလည်း စိုးရိမ်မှုများရှိနေပြီး ငြိမ်းချမ်းသည့် လမ်းကြောင်းအတိုင်းသာ ဖြစ်စေချင်ကြောင်း ပြောကြားကြသည်။ ထောင်နှင့်ချီသည့် ကချင်လူထုက တပ်မတော် ထိုးစစ်များ ရပ်တန့်ပေးရန် မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့များတွင် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ အောက်တိုဘာ ၃ ရက်က ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ ၆ ရက်တွင် မြစ်ကြီးနားမြို့၌ ဆန္ဒထုတ်ဖော်ရန် ကချင်ပြည်နယ် အစိုးရထံမှ တရားဝင်ခွင့်ပြုချက် ရရှိထားပြီး လှည့်လည် ဆန္ဒထုတ်ဖော်ရန်ရှိကြောင်း သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment