Tuesday, January 21, 2014

ဧည့်မထတန်းမြင့်ဆန် တန်ချိန် ၆၀၀၀ မေလတွင် ဂျပန်သို့ ဒုတိယအကြိမ်ပို့မည်

မြန်မာ့ဧည့်မထ တန်းမြင့်ဆန် တန်ချိန် ၆၀၀၀ ကို လာမည့် မေလတွင် ဂျပန်နိုင်ငံသို့ ဒုတိယ အကြိမ်မြောက်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

ဂျပန် ဆန်တင်ဒါကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီးနောက် တန်းမြင့်ဆန်တန်ချိန် ၆၀၀၀ ကို ဂျပန်နိုင်ငံသို့ တင်ပို့ခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ ပိုးသတ်ဆေးနှင့် ဓာတ်ကြွင်းကျန် စစ်ဆေးမှုကဲ့သို့ အရည်အသွေး စစ်ဆေးမှု အမျိုးအမယ်ပေါင်း ၂၅၇ မျိုးကို စစ်ဆေးခံရမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

မစ်ဆူရီကုမ္ပဏီက ယင်းသို့ မြန်မာ့ဆန် တင်ပို့ရန် ဆန်တင်ဒါကို အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး မစ်ဆူရီ ကုမ္ပဏီသည် မြန်မာ့ လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ (MAPCO) နှင့် ပူးပေါင်း လုပ်ကိုင်နေသည့် တစ်ခုတည်းသော ဂျပန်အခြေစိုက် ကုမ္ပဏီ ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

တန်းမြင့်ဆန် တန်ချိန် ၆၀၀၀ တင်ပို့ရန် အတွက် ဈေးနှုန်းများကို မသတ်မှတ်ရ သေးဘဲ ကနဦး သဘောတူညီချက်များ အရမူ ဈေးကွက်ပေါက်ဈေး ရရှိမည်ဟု သဘော တူညီထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထံမှ သိရသည်။

ယမန်နှစ်က တင်ပို့ခဲ့သည့် တန်းမြင့် ဆန်တန်ချိန် ၅၀၀၀ ကို မြန်မာနိုင်ငံမှ MAPCO နှင့်အတူ ခေတ်မီဆန်စက်ကြီးများ ဖြစ်သော Gold Delta ဆန်စက်၊ Ayeyar Hinthar ဆန်စက်၊ ရွှေဝါရောင် ဆန်စက်နှင့် ရွှေဇာခြည် ဆန်စက်ကြီးများတွင် ကြိတ်ခွဲပြုပြင် ခဲ့သော်လည်း ယခု တန်းမြင့်ဆန်တန်ချိန် ၆၀၀၀ ကိုမူ မည်သည့် ဆန်စက်တွင် ကြိတ်ခွဲမည်ကို ဆွေးနွေးနေဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးသင်းချုပ် ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလပထမပတ် အတွင်းကလည်း မြန်မာဆန်တန်ချိန် ၅၀၀၀ ကို နှစ်ပေါင်း ၄၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် တင်ပို့နိုင်ခဲ့ပြီး ယခုတစ်ကြိမ် တင်ပို့မှု သည် ဒုတိယအကြိမ် ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment