
မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သော မြ၀တီမြို့တွင် ကာစီနိုလောင်းကစားရုံ ဖွင့်လှစ်မှု များပြားလာကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်ပခရီးသွား ၀င်ထွက်မှုများပြားသည့် မြ၀တီနယ်စပ်မြို့တွင် အဆင့်မြင့် လောင်းကစား (ကာစီနို) ရုံကြီးများ ကြေညာကာ ဖွင့်လှစ်လာပြီဖြစ်ကြောင်း သိရသည်။
ကြော်ငြာဆိုင်းဘုတ်တင်ကာ ဖွင့်လှစ်ထားသည့် မော်လမင်း ကာစီနိုလောင်းကစားရုံသည် မြ၀တီမြို့ အမှတ်(၅) ရပ်ကွက် ပတ္တမြားဓာတ်ဆီဆိုင်လမ်း သောင်ရင်းဖြတ်ကျော် ကူးတို့ဆိပ် ၁၄ ဂိတ် (မြန်မာဘက်အခြမ်း) တွင်တည်ရှိပြီး လူမြင်ကွင်းတွင် ပထမဆုံး ကြော်ငြာသည့် လောင်းကစားရုံဖြစ်ကြောင်း သိရသည်။
မြတီမြို့တွင် ကာစီနို လောင်းကစားရုံများ ဖွင့်လှစ်ကြောင်း ကြော်ငြာဆိုင်းဘုတ်ဖြင့် အကျယ်တ၀င့် လုပ်ဆောင်လာခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့အား တင်ပြသွားရန်ရှိကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောကြားသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ယခင်ကလည်း ဒီလောင်းကစားရုံကိစ္စကို တင်ပြဖူးပါတယ်။ အခုလို အကျယ်တ၀င့် ဖြစ်လာတော့ ပြည်နယ်အစိုးရကို ဆက်လက်တင်ပြသွားပါမယ်။ တင်ပြသွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။
မြ၀တီမြို့မှ ဒေသခံတစ်ဦးက “အရင်တုန်းက လောင်းကစားတွေကို ပုန်းလျှိုးကွယ်လျှိုးလုပ်တယ်။ အခု ပေါ်တင် (ဗြောင်) လုပ်လာတယ်။ ဘယ်သူ ဘာပြောကြမလဲ။ ပြောင်းလဲတယ်ဆိုတာ အဲဒါကိုပြောတာလား” ဟု ပြောကြားသည်။
မြ၀တီမြို့၌ လက်ရှိတွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ၀ယ်ယူသုံးစွဲသည့် မီးယူနစ် မျှတမှုမရှိ၍ မကြာခဏ မီးပြတ်တောက်ခြင်း၊ ထရန်စဖော်မာ ပေါက်ကွဲပြီး မီးပျက်နေခြင်းကြောင့် ၎င်းက “လောင်းကစားရုံတွေက မြ၀တီမြို့ လျှပ်စစ်မီးလို မဟုတ်ဘူး။ ၂၄ နာရီ ဖွင့်တယ်တဲ့။ ကြိုက်တဲ့အချိန် သွားကစားလို့ရတယ်” ဟု ပြောကြားသည်။
မြ၀တီမြို့တွင် ကာစီနိုလောင်းကစားရုံ ငါးရုံရှိကာ၊ ယခုအခါ မြို့လယ်ဖြစ်သော ငွေစင်္ကြာ မိုတယ်အနီး လူနေရပ်ကွက်များအထိ လာရောက် ဖွင့်လှစ်သည်ကို တွေ့ရသည်။
“အရင်ကတော့ ဂိတ်တွေမှာပဲ ကာစီနိုရုံရှိတယ်။ ထိုင်းကဧည့်သည်တွေ လာကစားကြတယ်လို့ပဲ ကြားဖူးတယ်။ အခု မြို့ထဲမှာ လာဖွင့်တော့ ဆိုင်ကယ်တက္ကစီသမား၊ ဆိုက္ကားသမား၊ ကုန်သည်တွေလည်း လာကစားကြတာ။ ရသမျှ၊ ပါသမျှကုန်တော့ ဘ၀တွေလည်း ပျက်ပေါ့” ဟု ငွေစင်္ကြာမိုတယ်အနီး ဆိုင်ကယ်တက္ကစီ မောင်းနေသူ တစ်ဦးက ပြောကြားသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment