Wednesday, October 5, 2016

ဥပဒေနှင့်မညီသည့် နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းများကို ထိရောက်စွာအရေးယူပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အဆိုတင်

ရန်ကုန်တိုင်းအတွင်းရှိ တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့် ညီညွှတ်မှုမရှိသော နိုင်ငံခြား သားပိုင် စီးပွားရေးလုပ်ငန်းများကို ထိရောက်စွာ အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မောင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း မြို့ နယ်၊ ရပ်ကွက်များတွင် နိုင်ငံတော် အခွန်ဘဏ္ဍာ ပေးဆောင်ခြင်းမရှိ ဘဲ နိုင်ငံခြားသားများ တရားမဝင် ဖွင့်လှစ်ထားသော ဈေးဆိုင်ခန်း များ၊ အနှိပ်ခန်းများ၊ ဘော်ဒါ ဆောင်များ ရှိနေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ထိရောက်စွာ အရေးယူ ပေးရန်  လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က အောက်တိုဘာ ၄ ရက်တွင်ပြုလုပ်သော ရန်ကုန်တိုင်းလွှတ် တော်၌ အဆိုတင်သွင်းခဲ့သည်။
ယင်းအဆိုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း နှင့် အလုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဒေါ်ယဉ်ယဉ်မြင့်တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။
 ‘‘ယခင်ကာလက မြန်မာ နိုင်ငံမှာ တရားဥပဒေ အားနည်း ခြင်းနဲ့ အဂတိ လိုက်စားခြင်းကို အခွင့်ယူပြီး တချို့နိုင်ငံခြားသား လုပ်ငန်းရှင်တွေက လာဘ်ပေး လာဘ်ယူမှုတွေ ပြုလုပ်ပြီး အခု အချိန်အထိ တရားမဝင် လုပ်ငန်း တွေကို လုပ်ကိုင်နေပါတယ်။ နိုင်ငံတော်အတွက် အခွန်ငွေမရရှိ တဲ့အပြင် မြန်မာနိုင်ငံသားအတွက် အတတ်ပညာ၊ နည်းပညာ မရရှိ တဲ့ လုပ်ငန်းတွေ ရန်ကန်တိုင်း အတွင်းမှာ အများအပြားရှိနေပါ တယ်’’ဟု ဦးဝင်းမောင်က အဆို တင်သွင်းရာ၌ ပြောကြားသည်။
ရန်ကုန်တိုင်းတွင် သက်ဆိုင် ရာ  ဌာနများ၏ ခွင့်ပြုချက်နှင့် ကုမ္ပဏီလိုင်စင်မရှိဘဲ တရားမဝင် လုပ်ကိုင်နေကြသော နိုင်ငံခြား သားပိုင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများသည် ယခုနှစ် ဇွန်လ အထိ ၁၀၀ ကျော်ရှိသည်ဟု စုံ စမ်းသိရှိရကြောင်း ၎င်းကဆက် လက်ပြောသည်။
မြန်မာနိုင်ငံသားများ အလွယ်တကူ လုပ်ကိုင်နိုင်သည့် သာမန် အဆင့်ရှိသော အဝတ် အထည်ဆိုင်များ၊ စတိုးဆိုင်များ၊ အရက်ဘီယာဆိုင်များကို အချို့ နိုင်ငံခြားသားများက တရားမဝင် ဖွင့်လှစ်ရောင်းချနေခြင်းကို တွေ့ရှိရကြောင်း ဦးဝင်းမောင်က ဆို သည်။
ယင်းသို့ လုပ်ကိုင်နေသည့် နိုင်ငံခြားသားများတွင် တရုတ်၊ ကိုရီးယား အပါအဝင် နိုင်ငံခြား သားများ ပါဝင်ကြောင်း ဦးဝင်း မောင်က လွှတ်တော်အပြီး၌ သတင်းထောက်များအား ပြောကြားသည်။
‘‘နိုင်ငံခြားသားတွေ နိုင်ငံ တော်ရဲ့ ဥပဒေစည်းမျဉ်းစည်း ကမ်းတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူရမှာပါ။ ဒီလိုဆောင်ရွက်မှ နိုင်ငံတော်ရဲ့ တရားဥပဒေကို ပြည်တွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ လေးစားလိုက်နာကြမှာဖြစ်တဲ့ အတွက် ဒီအဆိုကို ထောက်ခံပါတယ်’’ဟု ဒေါ်ယဉ်ယဉ်မြင့်က လွှတ်တော်အစည်းအဝေးတွင် ထောက်ခံပြောဆိုခဲ့သည်။
  နယ်စပ်မှ ဝင်ရောက်လာ သော အရည်အသွေးမပြည့်မီသည့်မိုဘိုင်း ဟန်းဆက်များ လိုက်လံ ရောင်းချခြင်း၊ မိုဘိုင်းဖုန်းဆိုင် များ ဖွင့်လှစ်ကာ သတ်မှတ်အခွန် အခများကို ရှောင်တိမ်းနေခြင်း၊ ဆေးခန်းများနှင့် ဆေးပစ္စည်းများ ဖွင့်လှစ်ကာ  ယုံကြည်အောင် ကြော်ငြာ၍ လူနာများထံမှ ဆေး ဖိုးများကို အဆမတန်တောင်းယူ နေခြင်း၊ ကေတီဗီ၊ အနှိပ်ခန်းများ၊ လောင်းကစား လုပ်ငန်းများကို နိုင်ငံခြားသားများကိုယ်တိုင်သော်  လည်းကောင်း၊ မြန်မာနိုင်ငံသား များ  အမည်ခံ၍  သော်လည်း ကောင်း လုပ်ကိုင်နေကြကြောင်း ဦးဝင်းမောင်က အဆိုတင်သွင်းရာ ၌ ပြောကြားခဲ့သည်။
နိုင်ငံခြားသားများပိုင် စီးပွား ရေး လုပ်ငန်းများကို တည်ဆဲ ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို လာမည့် အောက်တိုဘာ ၁၁ ရက် တွင် ပြုလုပ်မည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေး ၌ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment