Friday, September 23, 2016

အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်းပြုစုရေးဆွဲရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်းပြုစုရေးဆွဲရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း သုံးသင်းစလုံး က ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ရွှေရည်ဝင်းက ''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီဆိုရင် ဒီလို အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေက ထွက်ပေါ် ဖို့လိုအပ်နေပါပြီ။ နိုင်ငံခြားသားတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တော့မယ်ဆိုရင် တိကျခိုင်မာတဲ့ဥပဒေကို ကြည့်တော့မှာလေ။အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေကြမ်း ပြုစုရေးဆွဲဖို့ဆိုတာကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ရေးဆွဲဖို့ သင့်ပါတယ်ဆိုပြီး နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေ က ပြောထားပါတယ်။ ပြီးတော့ လက်ရှိဥပဒေမူကြမ်းဆိုတာ အတည် မဖြစ်သေးပါဘူး။ နိုင်ငံတော်အစိုးရကနေ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း တစ်သင်းတည်းကို အိမ်ခြံမြေအကျိုး ဆောင် လိုင်စင်ချပေးမယ်ဆိုပြီး သတင်းတွေထွက်နေပါ တယ်။ ဒါက မဟုတ်ပါဘူး။ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်း ဆိုတာ ခုမှစမယ်ရှိသေးတယ်။ လိုင်စင်ကိစ္စဆိုတာက အဝေးကြီး လိုပါသေးတယ်။ ပြီးတော့ အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ကိစ္စကလက်ရှိ မြန်မာနိုင်ငံအနေအထားအရ ကန့်သတ်ဖို့  အချိန်စောလွန်းနေပါ သေးတယ်။

အစိုးရမဟုတ်တဲ့ သာမန်အိမ်ခြံမြေအသင်းအနေနဲ့ ပါဝင် ချုပ်ချယ်ဖို့ လုံးဝမဖြစ်နိုင်ပါဘူးလို့ အိမ်ခြံမြေအကျိုးဆောင်တွေကို အသိပေးလိုပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေကြမ်း ပြုစု ရေးဆွဲဖို့အတွက် လာမယ့် အောက်တိုဘာလမှာ ဥပဒေနှင့် အထူး လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အသင်းအားလုံးကို ခေါ်ထားပါသေးတယ်''ဟု ရှင်းပြသည်။

မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ''သူတို့ရေးဆွဲထားတဲ့ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်းထဲမှာ အိမ်ခြံမြေအကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်ပွဲခအလုပ်ဖြစ်သွားတယ်ဆိုရင် ထောင်ဒဏ်အပြင် ငွေဒဏ်များပါ ဒီဥပဒေကြမ်းထဲမှာ ထည့်သွင်းရေးဆွဲထားတာဆိုတော့ ဒီလိုမဖြစ်သင့်ပါဘူး။ ကိုယ့်အိမ် အနီးအနားပတ်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်မှာရှိနေတော့ ဘယ်သူမှမသိဘူး။ ဒီတော့ ကိုယ်ကိုယ်တိုင်ကသိတော့ အကျိုးဆောင် လုပ်ဖြစ်တယ်။ ဒါကို အိမ်ခြံမြေအကျိုးဆောင်လိုင်စင်မရှိရင် အလုပ် လုပ်လို့မရဘူးဆိုပြီး သတ်မှတ်ထားတယ်။ နိုင်ငံတော်အစိုးရကလည်း ဒီလိုချမှတ်ထားတာမရှိဘူး။ အိမ်ခြံမြေအကျိုးဆောင်ဆိုတာ လူတိုင်း လုပ်နေကြတာပါ။ အခြားနိုင်ငံတွေမှာဆိုရင် နိုင်ငံတော်အသိအမှတ်ပြု အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ရဖို့ကို လနဲ့ချီပြီး သင်တန်းတက်ရတာ ပါ။ ခုလို သုံးရက်သင်တန်းတက်ပြီး လိုင်စင်ရလို့ အိမ်ခြံမြေအကျိုးဆောင် လုပ်စားလို့ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်းဆိုတာ ခုမှစမယ်ရှိသေးတာဆိုတော့ လိုင်စင်ကိစ္စဆိုတာက အဝေးကြီးလိုပါသေးတယ်။ အိမ်ခြံမြေလုပ်ငန်းမှာ တကယ်တမ်းက အတွေ့အကြုံနဲ့သာ စကားပြောတာပါ''ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်က နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်ရေးရာဆောင်၌ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ ဖိတ်ကြားချက်အရ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှေ့နေချုပ်ရုံး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များ၊ မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေဝန်ဆောင်မှုအသင်းများ ဖြစ်ကြသော မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၊ ရန်ကုန်တိုင်း ဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့က တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများ အပါအဝင် အိမ်ခြံမြေစိတ်ပါဝင်စားသူ ပြည်သူများအားလုံးက ဥပဒေကြမ်း ရေးဆွဲရာတွင် ပါဝင်ပြီး အဆင့်ဆင့် အကြိမ်ကြိမ်ဆွေးနွေးသုံးသပ် တည်းဖြတ်ပြီးမှသာလျှင် ဥပဒေကြမ်းအဆင့်ကို ရောက်ရှိမည်ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့ကြောင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

လက်ရှိညီနောင်အသင်းများဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အိမ်ခြံ မြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့၌ အသင်းဝင်ပေါင်း ၁ဝဝဝ ကျော်ရှိကြောင်း သိရသည်။

Credit To >>> The Mirror Daily



0 comments:

Post a Comment