Monday, August 15, 2016

UPDJC အစည်းအဝေး ယနေ့ စတင် ကျင်းပမည်

၂၁ ရာစု ပင်လုံ ညီလာခံ၏ နိုင်ငံရေး မူဘောင်များကို အတည်ပြုမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့ (သြဂုတ်လ ၁၅ ရက်) တွင် စတင် ကျင်းပမည်ဖြစ်သည်။
ယင်းအစည်းအဝေးကို သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက် ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေး မူဘောင်ကို အဆုံးသတ်နိုင်ခြင်း မရှိသေးဘဲ ယင်းအစည်းအဝေးတွင် ဆွေးနွေး ညှိနှိုင်း သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် တက်မှာတော့ ကျိန်းသေတယ်။ တစ်ရက် တက်မလား နှစ်ရက်လုံး တက်မလားတော့ မသိသေးဘူး။ Framework ကလည်း မပြတ်နိုင်သေးဘူး။ အဲဒီအစည်းအဝေးကျမှ ဆွေးနွေးကြမှာ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယင်းအစည်းအဝေးတွင် လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များက UPDJC ကော်မတီတွင် ပါဝင်ခွင့်ရရန် တောင်းဆိုထားချက်ကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားသည်။

“သူတို့ တောင်းဆိုထားတဲ့ ကော်မတီထဲ ပါချင်တဲ့ကိစ္စကို UPDJC  မှာ တင်ပြထားပါတယ်။ ကောင်းမွန်တဲ့ ရလဒ် ထွက်လာဖို့ မျှော်လင့်တယ်”ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

အစိုးရသစ် လက်ထက် ပထမဦးဆုံး UPDJC အစည်းအဝေးကို ပြီးခဲ့သည့် မေလကုန်ပိုင်းက စတင် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ညီလာခံများ ကျင်းပရေးအတွက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ရေးဆွဲ အတည်ပြုပေးရပြီး နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို UPDJC က လမ်းညွှန် ကြီးကြပ်ရမည်ဟု နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ဖော်ပြထားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment