Thursday, August 11, 2016

ကမ္ဘာလှည့်ခရီးသည်များကို ခြေရာခံထောက်လှမ်းနိုင်သည့် Sim ကတ်များ အသုံးပြုစေရန် ထိုင်းအစိုးရ စီစဉ်နေ

ကမ္ဘာလှည့် ခရီးသည်များ၏ ဖုန်း Simကတ်များကို ခြေရာခံထောက်လှမ်းနိုင်သည့် စည်းမျဉ်းမျိုးသတ်မှတ်ရန် ထိုင်းအစိုးရက စဉ်းစားနေကြောင်း သိရသည်။
အထူးသီးသန့် ပြုလုပ်ထားသည့် Sim ကတ်များကို အသုံးပြုကြရန် ကမ္ဘာလှည့်ခရီးသည်များကို သတ်မှတ်ပေးပြီး အခြေအနေတစ်ရပ် ကြုံလာချိန်တွင် ၎င်းတို့ကို ရှာဖွေရန်လိုအပ်ပါက လျင်မြန်ထိရောက်စွာ တုံ့ပြန်နိုင်ရန် ထိုင်းအစိုးရက ရည်ရွယ်ထားခြင်း ဖြစ်သည်။ အဆိုပါ စည်းမျဉ်းသစ်ကို ထိုင်း၏ ဆက်သွယ်ရေးစံနှုန်းသတ်မှတ်ချက်များတွင် ထည့်သွင်းရန် ကနဦးအဆင့် သဘောတူညီထားပြီဟု ဆိုသည်။ ထို့အပြင် ယင်းလုပ်ငန်းစဉ်သည် ဖုန်းကိုင်ဆောင်သူ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးမည် မဟုတ်ဟုလည်း ထိုင်းအစိုးရက အာမခံထားသည်။
အဆိုပါ ဖုန်းကတ်များကို အသုံးပြုစေခြင်းဖြင့် ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးသော်လည်း ဆက်လက်နေထိုင်သူများကို လျင်မြန်စွာ ခြေရာခံဖော်ထုတ်နိုင်မည်ဟု အမျိုးသားသတင်းအချက်အလက် ထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးကော်မရှင်က ပြောကြားခဲ့သည်။ ကော်မရှင်၏ အဆိုအရ Sim ကတ်တွင် ပါရှိသည့် ခြေရာခံထောက်လှမ်းနိုင်မှု နေရာပြစနစ်ကို ဖုန်းအသုံးပြုသူက ဖွင့်၍မရနိုင်ဘဲ တာဝန်ရှိ အဖွဲ့အစည်းများကသာ လိုအပ်ချိန်တွင် ဖွင့်လှစ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သို့သော် ထိုင်းနိုင်ငံတွင် အခြေချအလုပ်လုပ်နေသည့် နိုင်ငံခြားသားများမှာမူ အဆိုပါသီးသန့် Sim ကတ်ကို အသုံးပြုစရာမလိုဟု ဆိုသည်။ ထိုစီမံကိန်းသည် ကမ္ဘာလှည့်ခရီးသွား ဗီဇာဖြင့်ဝင်ရောက်လာသူများအတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယင်းအစိုးပြုချက်ကို ထိုင်းစစ်အစိုးရ၏ ဆက်သွယ်ရေးနှင့် ဆက်နွှယ်မှုမရှိသည့် ဌာနများကပါ ထောက်ခံထားကြောင်းလည်း သိရှိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment