Wednesday, August 24, 2016

ကန်ဒေါ်လာ သန်း ၁ဝဝ တန် ကမ္ဘာ့အကြီးဆုံး ပုလဲကြီးကို ဖိလစ်ပိုင်နိုင်ငံ၌ ခင်းကျင်းပြသမည်

မီးလောင်ကျွမ်းခံရသောအိမ်တစ်လုံးအတွင်းမှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တန် ကမ္ဘာ့အကြီးဆုံး သဘာဝပုလဲ တစ်လုံးတွေ့ရှိပြီးနောက် အဆိုပါပုလဲကြီးကို ဖိလစ်ပိုင်နိုင်ငံ၌ မကြာမီ ခင်းကျင်းပြသသွားမည်ဖြစ်သည်။

ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းမှ အရာရှိတစ်ဦးဖြစ်သူ အိုင်လန်းအမူရာအို၏အဆိုအရ အဆိုပါပုလဲလုံးကြီးကို ပလာဝမ်ကျွန်းနေ တံငါသည်တစ်ဦးက ၂ဝဝ၆ ခုနှစ်တွင် ပထမဆုံးအနေဖြင့် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်း ပုလဲလုံးကြီး မည်မျှအထိတန်ကြေးရှိသည်ဆိုသည်ကို တံငါ သည်က မသိရှိဘဲ ကံအလွန်ကောင်းစေသောအဆောင်တစ်ခုအဖြစ် ဝှက်ထားခဲ့ကြောင်း၊ ၎င်း၏နေအိမ် မီးလောင်ကျွမ်းခံရပြီးနောက် အဆိုပါပုလဲလုံးကြီးကို အာဏာပိုင် များထံလွှဲပြောင်းပေးရန် စိတ်ကူးခဲ့ကြောင်း အမူရာအိုက ပြောကြားသည်။

''ဒီပုလဲကြီး မှန်ကန်ကြောင်း သက်သေခံဖို့ ကျောက်မျက်ပညာရှင်တွေရဲ့အကူအညီ ကျွန်တော်တို့ အခုလိုအပ်နေပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပုလဲကြီးမှာ အရှည် ၆၇ စင်တီမီတာ၊ ဗြက် ၃ဝ ဒသမ ၅ စင်တီမီတာနှင့် အလေးချိန် ၃၄ ကီလိုဂရမ်ရှိသည်။ ယခင်က အကြီးဆုံးအဖြစ် စံချိန်တင်ထားခဲ့သော ပုလဲကြီး မှာ အလေးချိန် ၆ ဒသမ ၄ ကီလိုဂရမ်ရှိပြီး အမေရိကန် ဒေါ်လာ ၃၅ သန်း တန်ကြေးရှိသော Lao Tze ပုလဲလုံးကြီး ဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment