Tuesday, August 23, 2016

အထပ်များ မလျှော့တော့ဘဲ ပြန်လည်ဆောက်လုပ်ခွင့် ပြုခဲ့သည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးအနက် အချို့မှာ ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင်

အထပ်များ မလျှော့တော့ဘဲ ပြန်လည် ဆောက်လုပ်ခွင့်ပြုခဲ့သည့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးအနက် အချို့မှာ ဆောက်လုပ်ရေး လုပ်ငန်းများ သြဂုတ် ၂၂ ရက်တွင် ပြန်လည်လုပ်ကိုင် နေပြီဖြစ်ကြောင်း   ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက အထပ်များ ပြန်လျှော့ရန် ညွှန်ကြားခဲ့သည့် အထပ်မြင့် အဆောက်အအုံများမှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ထံ အသနားခံစာ တင်ပြခဲ့သည့်အတွက် ၎င်းတို့ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ပြန်လည်စိစစ်ပြီး သြဂုတ် ၂၀ ရက်တွင် အထပ်များ ပြန်မလျှော့တော့ဘဲ မူလအတိုင်း ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။
အထပ်များ ပြန်လျှော့ရန် ညွှန်ကြားခဲ့သည့် အဆောက်အအုံများမှာ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ KERU အဆောက်အအုံသည် ၂၉ ထပ်မှ ၁၇ ထပ်သို့လည်းကောင်း၊ ဖိုးစိန်လမ်းပေါ်ရှိ ဖိုးစိန်ကွန်ဒိုသည် ၃၁ ထပ်မှ ၁၂ ထပ်သို့ လည်းကောင်း၊ Golden Dragon ကွန်ဒိုသည် ၁၂ ထပ်ခွဲမှ လေးထပ်သို့ လည်းကောင်း၊ Paragon Residence သည် ၂၇ ထပ်မှ အထပ် ၂၀ သို့လည်းကောင်း၊ အရှေ့ မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ East Race Course ကွန်ဒိုသည် အထပ်၂၀ မှ  ၁၆ ထပ် စသည်ဖြင့် လျှော့ချခံခဲ့ရပြီး လုပ်ငန်းများ ရပ်နားထားခဲ့ရသည်။ 
သို့ဖြစ်ရာ ရပ်နားထားရသည့် အဆိုပါ အဆောက်အအုံ ၁၂ လုံးအနက် အချို့ဆောက်လုပ်ရေး လုပ်ငန်းများ သြဂုတ် ၂၂ ရက်တွင် ပြန်လည်စတင် လုပ်ကိုင်နေခြင်းဖြစ်သည်။
“ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စနေပါပြီ။ ဒီလုပ်ငန်းအတွက် အလုပ်သမား ၃၀၀ လောက် သုံးထားတယ်။ ဒီအဆောက်အအုံတွေ ရပ်ထားတဲ့အချိန်မှာ သူတို့ကို ပုံမှန်အလုပ်သမား စရိတ်တွေ ပေးခဲ့ရတယ်” ဟု  ပြန်လည် ဆောက်လုပ်ခွင့်ရခဲ့သည့် ရန်ကုန်-အင်းစိန် လမ်းမပေါ်ရှိ Golden Dragon အဆောက်အအုံပိုင်ရှင် ဦးဘိုစန်းက ပြောကြားသည်။
“ကျွန်တော်တို့ လုပ်ငန်းတွေ ဒီနေ့ခွင့်ပြုချက်ရလို့ ပြန်လုပ်နေပါပြီ။ ကျွန်တော်တို့က အလုပ်သမား ၁၅၀ လောက် ရှိပါတယ်။ ဆောက်လုပ်ရေး ရပ်နားထားရတုန်းက အလုပ်သမားတွေကို ပုံမှန်အတိုင်း လုပ်ခပေးထားရပါတယ်။ အခုဟာက ကျွန်တော်တို့ကို အရင်က အထပ်အတိုင်းပဲ ပြန်ခွင့်ပြုတာ။ ကားပါကင်လေး နည်းနည်း ထပ်ဖြည့်ပေးရမယ်” ဟု တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ East Race Course @ ERC အဆောက်အအုံ ဆောက်လုပ်သူ ဦးကျော်ကျော်မိုးက ပြောကြားသည်။
ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ KERU အဆောက်အအုံ ဆောက်လုပ်သူ ဦးဥာဏ်မြတ်မင်းက “အထပ်တွေက နဂိုပါမစ်ကြီး ကျထားတဲ့အတိုင်းပဲ အခုပြန်ခွင့်ပြုတာပါ။ ဒီတနင်္လာနေ့က စပြီးတော့ ၀န်ထမ်းတွေကို ပြန်ဆင်းခိုင်းနေပါပြီ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စနေပါပြီ” ဟု ပြောကြားသည်။
ထိုသို့ ပြန်လည်ခွင့်ပြုခဲ့သည့် အဆောက်အအုံများအနက် အချို့အဆောက်အအုံများလည်း လုပ်ငန်းများ ပြန်လည်စတင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီဘက်မှာ အစကတည်းက အစီအစဉ် လုပ်ထားတာတွေကို စကားတွေ ပြန်ပြောနေပြီ။ ကျွန်တော်တို့ စီမံကိန်းက Pile လုပ်ငန်းပဲ ပြီးသေးတော့ ဒါကို ပြန်စဖို့ တိုင်ပင်နေပြီ” ဟု ဖိုးစိန်လမ်းရှိ The Illustra အဆောက်အအုံ ဆောက်လုပ်သူ ဦးသီဟဇော်က ပြောကြားသည်။
ယခင်အစိုးရ လက်ထက်က ဆောက်လုပ်ခွင့်ပြုခဲ့ပြီးသော အထပ်မြင့် အဆောက်အအုံများအား ပြန်လည်စိစစ် နေသဖြင့် အဆောက်အအုံ ၂၀၀ ကျော်ကို မေ ၁၄ ရက်တွင် တရားဝင်စာထုတ်ကာ ရပ်ဆိုင်းရန်၊ အဆိုပါ အဆောက်အအုံများအနက် ပါမစ်ကြီး ကျပြီးသော အထပ်မြင့် အဆောက်အအုံ ၆၄ လုံးအနက် ၁၂ လုံးအား အထပ်များပြန်လျှော့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့သည်။
ယင်းညွှန်ကြားချက် ထွက်ပြီးနောက်ပိုင်း ဆောက်လုပ်ရေးဈေးကွက် ပြိုလဲမည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယခုပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့သည် ဆိုသော်လည်း  ပုံမှန်အခြေအနေပြန်ဖြစ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က မှတ်ချက်ပြုသည်။
“ဆောက်လုပ်ရေးက အရင်လိုအခြေအနေ ပြန်ဖြစ်ဖို့ ကြိုးစားရဦးမယ်။ တစ်လနှစ်လလောက် အချိန်ယူပြီး လုပ်ရဦးမှာပါ” ဟု  ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဘိုစိန်းက ပြောကြားသည်။
ထို့ပြင် မူဝါဒအောင်မြင်ပြီး အထပ်မြင့် အဆောက်အအုံ ၄၅ လုံးကိုလည်း ပြန်လည် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။   
Credit To >>> Eleven Media Group

0 comments:

Post a Comment