Monday, August 8, 2016

နိုင်ငံရေး မူဘောင် ဆွေးနွေးပွဲ သြဂုတ်လ ၁၁ ရက်တွင် စတင် ကျင်းပမည်

၂၁ ရာစု ပင်လုံ ညီလာခံတွင် ပါဝင်မည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် သုံးသပ်သည့် အစည်းအဝေးကို လာမည့် သြဂုတ်လ ၁၁ ရက်မှစတင်၍ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပမည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီထံမှ သိရသည်။
ဆွေးနွေးပွဲကို သြဂုတ်လ ၁၁ ရက် မှ ၁၃ ရက်နေ့အထိ သုံးရက်တာ ကျင်းပမည်ဖြစ်ပြီး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး ပါတီများ ပါဝင်မည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားသည်။

ဆွေးနွေးပွဲ ပထမရက်တွင် အစိုးရနှင့် နိုင်ငံရေး ပါတီများ၊ ဒုတိယရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးမည်ဖြစ်ပြီး နောက်ဆုံးရက်တွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများ သုံးပွင့်ဆိုင် ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲ တက်ရောက်ရန် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုပါ ဖိတ်ကြားထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းဆွေးနွေးပွဲအတွက် လာမည့် သြဂုတ်လ ၉ ရက်နှင့် ၁ဝ ရက်နေ့များတွင် အပစ်ရပ် ထိုးထားသည့် အဖွဲ့နှင့် မထိုးထားသည့် အဖွဲ့များ ပါဝင်သည့် မူဘောင် အကြိုသုံးသပ်မှုများ စတင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းလက်နက်ကိုင်များထံမှ သိရသည်။

လက်ရှိ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ယခင် အစိုးရလက်ထက်က အစိုးရ၊ လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး ပါတီများ စုပေါင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment