Friday, August 12, 2016

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အနီးရှိ တလိုင်းသတ်တောင်တွင် လမ်းခင်းကျောက်ထုတ်ရန် လိုင်စင်လျှောက်ထားမှု ဒေသခံများကန့်ကွက်

တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ရှိရာ ရေဖြူမြို့နယ် ဘ၀ါကြိုးဝိုင်းအတွင်း တလိုင်းသတ်တောင်မှ မြေ ၅၅ ဧကပေါ်၌ ဘုန်းဟံထက်ကုမ္ပဏီမှ လမ်းခင်းကျောက် ထုတ်လုပ်ခွင့် လျှောက်ထားမှုအပေါ် ကန့်ကွက်ကြောင်း ဒေသခံတောင်သူများက လက်မှတ်ရေးထိုး၍ သြဂုတ် ၁၁ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်တို့ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။

၎င်းဘ၀ါကြိုးဝိုင်း အတွင်းရှိ တလိုင်းသတ်တောင်ပေါ်တွင် ဘုန်းဟံထက်ကုမ္ပဏီမှ လမ်းခင်းကျောက် ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုအပေါ် မည်သူမဆို ကန့်ကွက်လိုပါက ဇူလိုင် ၂၂ ရက် နောက်ဆုံးထား၍ ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဇူလိုင် ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့်စာမှာ ပရဒတ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်ထဲသို့  ကန့်ကွက်လွှာ တင်နိုင်သည့် နောက်ဆုံးရက် ဖြစ်သော ဇူလိုင် ၂၂ ရက်တွင်မှ ရောက်ရှိလာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ကြေညာသင်ပုန်း၌ ဇူလိုင် ၂၃ ရက်တွင် ကပ်ထားသည်ကို တွေ့ရှိရသည့်အပြင် ပရဒတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်ထုတ်လုပ်ရန် လျှောက်ထားသည့် လုပ်ကွက်အနီးမှ ခြံပိုင်ရှင် သုံးဦးအား ဇူလိုင် ၂၂ ရက်တွင် ရေဖြူမြို့နယ် သက်ဆိုင်ရာရုံးသို့ ခေါ်ယူပြီး လက်မှတ်ထိုးခိုင်းမှုအပေါ် ဒေသခံရွာသားများမှ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့ရသဖြင့် ကျောက်ထုတ်မှုကြောင့် လယ်မြေထိခိုက်ခဲ့သူ ဒေသခံ ၄၃ ဦးနှင့် တောင်သူ ၁၉ ဦးတို့က လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တလိုင်းသတ်တောင်မှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း (Italian-Thai Development Co;Ltd-ITD) မှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ စီမံကိန်းယာယီ ရပ်နားခဲ့သည့် ၂၀၁၃ နှစ်ကုန်ပိုင်းအထိ စီမံကိန်းအတွက် လိုအပ်သောကျောက်များ ထုတ်ယူခဲ့ပြီး တောင်ပေါ်၌ ကျောက်မိုင်းခွဲမှုကြောင့် တောင်ခြေရှိ လယ်မြေနှင့် ဥယျာဉ်ခြံများထိ ခိုက်ပျက်စီးခဲ့ပြီး ကုမ္ပဏီမှ နစ်နာကြေး ပေးချေမှု မရှိခဲ့ကြောင်း၊ ထို့အပြင် ကျောက်မိုင်းခွဲမှုနှင့် ချောင်းအတွင်း သဲကျောက်များ စီးဝင်လာမှုတို့ကြောင့် ရေစီးကြောင်း ပြောင်းလဲသွားပြီး တောင်ခြေရှိ လယ်မြေများအတွင်း ရေ၀င်ရောက်မှု မရှိတော့ဘဲ လယ်ယာစိုက်ပျိုးရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသဖြင့် ယခုအခါထပ်မံ၍ ကျောက်ထုတ်လုပ်ဦးမည် ဆိုပါက တောင်ခြေရှိ လယ်မြေများ လုံးဝပျက်စီးသွားမည်ဖြစ်ပြီး အနီးဝန်းကျင်ရှိ ဥယျာဉ်ခြံမြေများလည်း ဂေဟစနစ်ပျက်စီးမှု သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ ကြုံတွေ့ရမည်ဖြစ်ကြောင်း ဒေသခံများ၏ ကန့်ကွက်စာထဲတွင် ဖော်ပြထားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပရဒတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုဝင်းအား ထားဝယ်အခြေစိုက် မီဒီယာသမားများက ဆက်သွယ်မေးမြန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဇူလိုင် ၈ ရက် ရက်စွဲဖြင့် ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်စာမှာ ၎င်းလက်အတွင်းသို့  ဇူလိုင် ၂၂ ရက်တွင်မှ လက်ခံရရှိခဲ့ကြောင်း၊ စာလက်ခံရရှိသည့် နေ့တွင်ပင် ရွာသားများအား အသိပေးခဲ့ပြီး ၎င်းထံသို့ ကျောက်ထုတ်လုပ်မည့် ကုမ္ပဏီဘက်မှ ဆက်သွယ်တွေ့ဆုံမှု မရှိခဲ့ကြောင်း၊ ၎င်းအုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်သည့် အချိန်အတွင်း မြို့နယ်မှ ထုတ်ပြန်သည့်စာအား အချိန်နောက်ကျမှ လက်ခံရရှိမှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဒေသခံများကမှု ၎င်းတို့ရွာသားများ၏ သဘောထားကို စိစစ်မေးမြန်းပြီးမှသာ ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ကို ချထားပေးပါရန်နှင့် ပြည်သူသဘောထားများကို ရယူပြီး ပွင့်လင်းမြင်သာသော လုပ်ဆောင်မှုများကို လုပ်ဆောင်ပေးပါရန်နှင့် ရုံးသို့ခေါ်၍ လက်မှတ်ထိုးခိုင်းမှုမျိုး မဖြစ်ပေါ်စေရန် သက်ဆိုင်ရာမှ စိစစ်ဆောင်ရွက် ပေးစေလိုကြောင်း တလိုင်းသတ်တောင်တွင် ကျောက်ထုတ်လုပ်ရန် လိုင်စင်လျောက်ထားမှုကို ကန့်ကွက်ကြောင်း ကန့်ကွက်စာထဲတွင် ဖော်ပြထားခဲ့သည်။ တလိုင်းသတ်တောင်မှာ ထားဝယ်စီမံကိန်း တည်ရှိသည့် နဘုလယ်ဒေသ 0.000KM မှ မြောက်ဘက် ငါးမိုင်ခန့် အကွာတွင်ရှိပြီး လိပ်သည်းကျောက် ထုတ်ယူခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် ဒေသခံ ၁၁ ဦး၏ လယ်မြေ ၃၅ ဒသမ ၂၃ ဧကနှင့် ခြံမြေ ၃၂ ဒသမ ၄၅ ဧက စုစုပေါင်း ၆၇ ဒသမ ၈၆ ဧကအတွက် ကျပ်သိန်းပေါင်း  ၂၉၀,၂၃၀,၀၀၀ ကို ပြီးခဲ့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်း၌ စီမံကိန်း တည်ဆောက်နေသည့် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development Co;Ltd-ITD) က လျော်ကြေးငွေများ ပေးချေခဲ့ရဖူးကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment