Monday, August 15, 2016

အမေရိကန်ဒရုန်းယာဉ်များ၏ စစ်ဆင်ရေးတွင် အိုင်အက်စ်အဖွဲ့ခွဲခေါင်းဆောင် သေဆုံး

လွန်ခဲ့သည့်လက အာဖဂန်နစ္စတန် နိုင်ငံအတွင်း အမေရိကန်၏ဒရုန်း ယာဉ်များ၏ စစ်ဆင်ရေးဆင်နွှဲမှု ကာလအတွင်း အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ခွဲခေါင်းဆောင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း အမေရိကန်ကာကွယ် ရေးဌာနက ဆိုသည်။

အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ခွဲ ခေါင်းဆောင် ဟာဖစ်ဆာရီခမ်ဆိုသူ သည် ဇူလိုင် ၂၆ ရက်က အမေရိကန် ၏စစ်ဆင်ရေး တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က သြဂုတ် ၁၂ ရက်က ပြောကြားခဲ့သည်။
အိုင်အက်စစ်သွေးကြွ အဖွဲ့ခွဲ ခေါင်းဆောင် ဟာဖစ်ဆာရီခမ်က လွန်ခဲ့သည့်နှစ် ဇန်နဝါရီလတွင် စစ်သွေးကြွအဖွဲ့သို့ ဝင်ရောက်ကာ သစ္စာခံခဲ့သည်။ မကြာမီ ၎င်းသည် အာဖဂန်နစ္စတန်နိုင်ငံ၏ စစ်သွေးကြွ အဖွဲ့ခွဲ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။
ယင်းခေါင်းဆောင်သည့်စစ်သွေးကြွ အဖွဲ့ခွဲသည် နန်ဂါဟာခရိုင်တွင် တပ်သားသစ်များ စုဆောင်းကာ စစ်ရေးလေ့ကျင့်ပေးပြီး အာဖဂန် နစ္စတန်နိုင်ငံ အနှံ့အပြားသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် က ပြောကြားခဲ့သည်။ ထို့ပြင် ဇူလိုင် ၂၃ ရက်က လူပေါင်း ၈ဝ ကျော် သေဆုံးခဲ့သည့် ကဘူးမြို့ကား ဗုံးဖောက်ခွဲမှုဖြစ်စဉ်ကို ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း အခိုင်အမာ ဆိုသည်။
အကြမ်းဖက်အဖွဲ့ခွဲခေါင်းဆောင် သေဆုံးခဲ့သည့်အတွက် အကြမ်းဖက် အဖွဲ့အစည်းသို့ ဝင်ရောက်ရန် တပ်သားသစ်စုဆောင်းမှုများနှင့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုများတွင် အခက်အခဲများရှိနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျော်ဒန်တရို ဘရေးဒ်က ပြောကြားခဲ့သည်။
အိုင်အက်စ်စစ်သွေးကြွအဖွဲ့သည် အီရတ်နှင့်ဆီးရီးယားနိုင်ငံများတွင် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများ တဖြည်းဖြည်းဆုံးရှုံးလျက်ရှိသည့်အတွက် ကမ္ဘာ့နေရာ အနှံ့အပြားတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ပစ်မှတ်ထားလုပ်ဆောင် နေကြသည်။
အမေရိကန် စစ်ဆင်ရေး (အိုင်အက်စ် ချေမှုန်းရေး) များကို လစ်ဗျား၊ အာဖဂန်နစ္စတန်နှင့် အခြားသောနိုင်ငံများတွင် အရှိန်အဟုန် မြှင့်တင်ကာ အမေရိကန် ကာကွယ်ရေးဌာနက ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment