Thursday, August 18, 2016

တနင်္သာရီတိုင်းဒေသကြီး ပလောက်မြို့နယ် တောင်နီရွာ၌ တည်ဆောက်နေသော နေအိမ်အလုံး ၁၀၀ အား အစိုးရမှ မူလခွင့်ပြုထားသည့်နေရာ မဟုတ်ဟု ဆိုကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောက်လုပ်ခွင့်မပြုဘဲ ရပ်နားခိုင်း

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ စစ်ဘေးကြောင့် ကျေးရွာကို စွန့်ခွာခဲ့ရသည့် ဒေသခံများနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင် မိသားစုများ နေထိုင်ရန် ဂျပန်နိုင်ငံ Nippon Foundation ၏ ထောက်ပံ့မှုဖြင့် ပြီးခဲ့သည့် မေလဆန်းပိုင်းစ၍ ပလောက်မြို့နယ်ရှိ တောင်နီရွာ၌ တည်ဆောက်နေသော နေအိမ်အလုံး ၁၀၀ အား အစိုးရမှ မူလခွင့်ပြုထားသည့် နေရာမဟုတ်ဟုဆိုကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောက်လုပ်ခွင့်မပြုဘဲ ရပ်နားခိုင်းခဲ့ကြောင်း KNU မြိတ်- ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဝင်းခိုင်က ပြောကြားသည်။

ယခင်က စစ်ဘေးကြောင့် ဒေသခံများ စွန့်ခွာခဲ့ရသော ရွာဟောင်းများဖြစ်သည် ထားဝယ်မြို့နယ်အတွင်းမှ ဆင်ဖြူတိုင်ရွာနှင့် ၀ါးတောရွာအကြားရှိ  ကမာဟောရွာနှင့် အမရာ (အမြား) ရွာ၊ ပလောက်မြို့နယ်အ တွင်းရှိ ပျဉ်းမကြီးရွာအနီးမှ တောင်နီ (ကစယ်ခို) ရွာနှင့် တနင်္သာရီမြို့နယ်ရှိ တိုးတယ်ထာရွာများတွင် စစ်ဘေးကြောင့် တစ်ဖက်နိုင်ငံနှင့် နယ်စပ်ဒေသတစ်လျှောက် ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသော စစ်ဘေးရှောင် ဒေသခံရွာသားများ၊ KNU တပ်ဖွဲ့ဝင်မိသားစုများ နေထိုင်ရေးအတွက် ယခင် မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၏ ညှိနှိုင်းမှုဖြင့် ဂျပန်နိုင်ငံ Nippon Foundation က ထောက်ပံ့ကာ ယင်းကျေးရွာဟောင်း လေးနေရာတွင် ရွာအသစ်အဖြစ် တစ်ရွာလျှင် အိမ်ခြေ ၁၀၀ စီ ပြန်လည်တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ ပလောက်မြို့နယ် အတွင်းရှိ ပျဉ်းမကြီးရွာအနီးမှ တောင်နီ (ကစယ်ခို) ရွာမှာ ပြည်ထောင်စု အစိုးရအဖွဲ့၏ ရွာတည်ဆောက်ရန် ခွင့်ပြုချက်၌ ပါဝင်သည့်နေရာ မဟုတ်သောကြောင့် ဆောက်လုပ်ခွင့် မပြုကြောင်း တိုင်းဒေသကြီး အစိုးရဘက်မှ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ပဒိုစောဝင်းခိုင်က ပြောကြားသည်။
“ဒီဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားချက်အရ အစိုးရဘက်က လုံးဝမပေးတော့ဘူး ဆိုတော့ ဆက်လုပ်စရာ အကြောင်း မရှိတော့ဘူးပေါ့။ ဖောင်းတောမှာ ဆောက်လို့မရလို့ပေါ့။ အဲဒီမှာလူထုနဲ့ အရှုပ်အယှက်ဖြစ်လို့ အဲဒါကို မတ်လကုန်တုန်းက တောင်နီမှာ ပြောင်းပြီး ဆောက်မယ့်ကိစ္စကို အစိုးရဆီ စာပို့တယ်။ သူတို့ဘက်က ဆက်လက်တင်ပြမယ် ဆိုပြီး တင်ပြတယ်။ ဇူလိုင်လလယ်မှာ သူတို့ဘက်က စာပြန်လာတော့ လုံးဝမရတော့ဘူး ဆိုတော့ Nippon Foundation က လာဆွေးနွေးပြီးမရတော့ ဆက်မလုပ်တော့ဘူးပေါ့။ အခုလက်ရှိ ဒီရွာ (တောင်နီ) မှာ ဆောက်ထားလို့ လက်လွန်သွားတာကို သုံးထားတာ။ ဘယ်လောက်ရှိတယ်ဆိုပြန်ပြီး စာရင်းဇယားတွေ အကုန်လုံးကို တွက်ချက်ပြီး Nippon Foundation ကိုပြတော့ သူတို့ဘက်ကလည်း ဆင်းစစ်နေတယ်။ အခုဆောက်ပြီးနေတာ သူတို့ပြောစကားအရ ၃၀ ရာခိုင်နှုန်း ရှိနေပြီ။ အစိုးရဘက်က စစ်ဘေးရှောင်တဲ့ ရွာသားတွေ သူတို့နည်း သူတို့ဟန်နဲ့ လာနေလို့ရတယ် ပြောတယ်။ ဒီမှာက စစ်ဘေးရှောင်လာတဲ့ မိသားစုတွေဆိုတော့ ကိုယ့်ဘာသာ အိမ်ဆောက်နေဖို့ ပြဿနာရှိတယ်။ ရွာသားတွေ ကိုယ့်ဘာသာလာနေရင် သူတို့ဘာမှပြော စရာမလိုဘူး ပြောပေမယ့် အဓိကပြဿနာက ကျေးရွာတည်ခွင့် မပြုဘူး ဆိုတာပေါ့။ ရွာသားတွေ ပြန်လာနေရင် ကျေးရွာဖြစ်သွားမှာပဲဟာ။ Nippon Foundation အနေနဲ့ အခုလို ဖြစ်သွားတဲ့အပေါ်မှာ စိတ်မကောင်းဘူးပေါ့။ ဒီရွာတွေနဲ့ ပတ်သက်လို့ အကူအညီကလည်း ဒီလောက်ပဲ ရတော့မယ့်ဆိုတဲ့ အနေအထား ရှိတယ်။ နောက်ဆိုရင် အကူအညီ မပေးတော့ဘူးဆိုတဲ့ သဘောမျိုးပေါ့။ ဒီနေရာမှာရွာ တည်လို့မရဘူးဆိုတာ ပြည်ထောင်စုအစိုးရက ဘာသိလို့လဲ။ ဒီတောင်နီရွာက အရင်က ရွာဟောင်းဖြစ်တဲ့အပြင် အနီးနားမှာ ရွာတွေလည်း ရှိတာပဲ။ အခုလိုဖြစ်သွားတော့ ဒေသခံ စစ်ဘေးရှောင်တွေ အတွက် သိပ်အဆင်မပြေတော့ဘူး” ဟု KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဝင်းခိုင်က ပြောကြားသည်။
အစိုးရဘက်မှ ရွာတည်ဆောက်ရန် သတ်မှတ်ပေးသည့် ဖောင်းတောဒေသ၌ ဒေသခံများ၏ မြေယာများ တည်ရှိနေသောကြောင့် မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်နီရွာတွင် ပြောင်းရွှေ့တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်နီရွာ၌ တည်ဆောက်ထားသည့် ဆောက်လက်စ အိမ်များကိုလည်း ဖျက်သိမ်းမှုများ ပြုလုပ်မည်ဖြစ်ပြီး ယင်းအတွက် နေအိမ် ၁၀၀ ကို ကျန်ရှိသည့် ကျေးရွာသုံးခုတွင် အစားထိုး ပြန်လည် တည်ဆောက်တော့မည် မဟုတ်ကြောင်း ပဒိုစောဝင်းခိုင်က ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးအား မေးမြန်းရာ ၎င်းက “ပြည်ထောင်စုက ခွင့်ပြုထားတဲ့ နေရာလေးခုမှာ တောင်နီမပါဘူး။ ဖောင်းတောနားမှာ ခွင့်ပြုထားတာ။ ဒါပေမဲ့ KNU ကတောင်နီမှာ သွားဆောက်တော့ အစိုးရက ခွင့်ပြုထားတဲ့နေရာ မဟုတ်လို့ တားတာပါ။ တောင်နီက ဆောက်လက်စအိမ်တွေမှာ ဒေသခံတွေ ပြန်နေချင်ရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် လာနေရင်ရတယ်။ ဒါပေမဲ့ Nippon ကအိမ်ဆောက်မယ့် Project ကိုတော့ ဆောက်ခွင့် မပြုတော့ဘူး။ ကျန်နေရာ သုံးခုမှာ ဖြည့်ပြီးဆောက်ဖို့ KNU နဲ့ Nippon Foundation ကို ဆွေးနွေးထားတာရှိတယ်” ဟု ပြောကြားသည်။
Nippon Foundation ၏ ထောက်ပံ့မှုဖြင့် တည်ဆောက်နေသည့် ရွာများမှာ ယခင်က ဒေသခံ ကရင်တိုင်းရင်းသားများ နေထိုင်ခဲ့သည့် ကျေးရွာများဖြစ်ပြီး ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ဒေသခံများ ကျေးရွာကို စွန့်ခွာထွက်ပြေး ခဲ့ရသဖြင့် ရွာပျက်နေရာအဖြစ် ကျန်ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ ရွာအသစ် တည်ဆောက်ပြီး ဒေသခံများနှင့် KNU တပ်ဖွဲ့ဝင် မိသားစုများအား နေရာချထားပေးပြီးပါက ပညာရေး၊ ကျန်းမာရေးနှင့် ရေ၊ မီး စသည်တို့ကို နောက်တစ်ဆင့် အနေဖြင့် ထပ်မံလုပ်ဆောင်ပေးမည် ဖြစ်သည့်အပြင် ယင်းရွာများ၌ တစ်အိမ်လျှင် ၈၀ x ၁၀၀ ပေ အကျယ် မြေတစ်ကွက်နှင့် အိမ်တစ်လုံး ပါဝင်မည်ဖြစ်ကာ နေထိုင်မည့် ဒေသခံများအတွက် လုပ်ကိုင်စားသောက်နိုင်ရန် တစ်အိမ်လျှင် ငါးဧကနှုန်းဖြင့် ဥယျာဉ်မြေများ သတ်မှတ်ပေးရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။
Credit to >>>Eleven Media Group

0 comments:

Post a Comment