Wednesday, August 10, 2016

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) အား ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ တင်သွင်း

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) အား ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက သြဂုတ် ၉ ရက်တွင် အဆိုတင်သွင်းခဲ့သည်။
 
အဆိုပါ ဥပဒေ (မူကြမ်း) တွင် ၀င်ငွေခွန်ဥပဒေသည် ၂၀၁၆- ၂၀၁၇ ၀င်ငွေနှစ်အတွက်မှ စတင်အကျိုးသက်ရောက်မည် ဖြစ်ကြောင်း၊ ၀င်ငွေခွန်ဥပဒေတွင် ပါရှိသည့် “ကုမ္ပဏီများဆိုင်ရာအခွန်ရုံး”ဆိုသည့် စကားရပ်ကို “အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
 
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) နှင့် ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ခခ) တို့တွင် ပါရှိသော “အခွန်ထမ်း၏ အိမ်ထောင်ဖက်နှင့်သားသမီးများ” ဆိုသည့် စကားရပ်ကို “နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အခွန်ထမ်း၏ အတူနေမိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်ဟု ဖော်ပြထားသည်။
 
ထို့ပြင် ပုဒ်မ (၈) ပုဒ်မခွဲ (ခ) တွင် ပါရှိသော “လစာမှ ၀င်ငွေ၊ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ၀င်ငွေ၊ ပစ္စည်းမှ ၀င်ငွေ”ဆိုသည့် စကားရပ်ကို “အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ၀င်ငွေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ဖော်ပြထားသည်။
 
ထို့အတူ ၀င်ငွေခွန်ဥပဒေပုဒ်မ ၉ အား မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဟု အစားထိုးရမည်ဖြစ်ကြောင်း သိရသည်။
 
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၇ ပုဒ်မခွဲ (က)တွင် မည်သူမဆို ၀င်ငွေနှစ်အတွင်း ၀င်ငွေခွန် စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေ ရရှိလျှင် ထိုဝင်ငွေနှစ်အတွက် မိမိ၏ ၀င်ငွေ ကြေညာလွှာကို လည်းကောင်း၊ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးအဖွဲ့အစည်းများမှအပ ကုမ္ပဏီအပါအ၀င် မည်သည့်ပုဂ္ဂိုလ်စုမဆို ထိုဝင်ငွေနှစ်အတွက် မြတ်စွန်းငွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၀င်ငွေကြေညာလွှာကို လည်းကောင်း စည်းမျဉ်းများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ၀င်ငွေနှစ် ကုန်ဆုံးပြီး သုံးလအတွင်း ပေးပို့ရမည်။ သို့ရာတွင် လစာခေါင်းစဉ်မှ ၀င်ငွေသာရရှိသူဖြစ်လျှင် ယင်းသို့ပေးပို့ရန် မလို”ဟု အစားထိုးပြင်ဆင်ထားကြောင်း သိရသည်။
 
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော “ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့် အခွန်၏ ၅၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဒဏ်ငွေ” ဆိုသည့် စကားရပ်ကို “ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့် အခွန်၏ တစ်ဆနှင့်ညီမျှသော ဒဏ်ငွေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment