Wednesday, August 10, 2016

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်မည်

ဘင်္ဂလားပင်လယ်အော်၏ အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၉ ရက် ည ၉ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။
 
လက်ရှိတွင် မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ အနောက်ဘက်ဘင်္ဂလားကမ်းခြေ ကန်နင်မြို့အနီးတွင် တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည် ဖြစ်ကြောင်း သိရသည်။
 
မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ကမ်းခြေတွင် ဖြစ်ပေါ်နေသဖြင့် အ၀ါရောင်အဆင့်သာ သတ်မှတ်ထားပြီး၊ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိကြောင်းလည်း မိုးဇလမှ ထုတ်ပြန်ထားသည်။
 
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်ခြင်း မရှိသော်လည်း မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
 
“မုန်တိုင်းက မြန်မာနိုင်ငံကို မသက်ရောက်ပေမယ့် မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးသက်လေပြင်း ကျရောက်မှာဖြစ်တဲ့အတွက် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ ကမ်းလွန်ပင်လယ်ပြင်က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းယာဉ်များအနေနဲ့ သတိပြုဖို့ လိုပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပါက မုတ်သုံလေ ပိုမိုအားကောင်းကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးပိုမည်ဖြစ်ကြောင်းလည်း သိရသည်။
 
“မိုးလယ်ကာလတွေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်တာများလေ ရေကြီးတဲ့ဒဏ် မသက်သာလေပဲ။ အဲဒီလို ရေကြီးတာက အိန္ဒိယရော၊ ဘင်္ဂလားဒေ့ရှ်ရော မြန်မာပါဖြစ်တာ။ 
သုံးနိုင်ငံစလုံးကို မိုးပေးတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ ဆဲလ်လေးက တစ်ဝက်လောက် ကမ်းကို ရောက်နေတဲ့အတွက် တိုက်ရိုက်မခံစားရပေမယ့် အဲဒီ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေက အားကောင်းလာမယ်” ဟု ဦးချစ်ကျော်က ဆက်လက် ရှင်းပြသည်။
 
မုတ်သုံလေ ဆက်လက် အားကောင်းလာပါက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးရမည်ဖြစ်ကြောင်း သိရသည်။
 
“အရင်ရက်တွေက အထက်ပိုင်းမှာ ရွာထားတဲ့ မိုးရေတွေက ဧရာဝတီ၊ ချင်းတွင်း မြစ်ဝှမ်းတစ်လျှောက်မှာ ရေတွေက အောက်ဆင်းလာတယ်။ အဲဒီအချိန်မှာ မိုးက ဆက်နေမယ်ဆိုတော့ အပေါ်ကဆင်းတဲ့ရေလည်း ရောက်တယ်။ မိုးရွာလို့ ရေလည်းတက်မယ်ဆိုတော့ ရေကြီးတဲ့ဟာက စိုးရိမ်ရေမှတ်အောက်ကို ချက်ချင်းကျမှာ မဟုတ်ဘူး။ ငသိုင်းချောင်းတို့ မအူပင်တို့ဆိုရင် ထပ်တောင် ရေတက်လာဦးမယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ပင်လယ်ဘက်က ရေထရက် ဖြစ်လာတယ်။ အပေါ်က ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်တွေက ရေတွေ ပင်လယ်ထဲကို ထွက်ဖို့နှေးသွားမယ်။ အဲဒီလိုနှေးသွားတဲ့ အတွက်ကြောင့် အထူးသဖြင့် ဧရာဝတီတိုင်းတို့ ကမ်းရိုးတန်းနားက ရေတွေ ပိုမြင့်လာမယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။
 
ယခုကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေ ပြန်လည်အားကောင်းလာမည် ဖြစ်ကာ မိုးကောင်းမှုကြောင့် အောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများသည် အချိန်ကြာမြင့်နေမည်ဖြစ်ကြောင်း ဦးချစ်ကျော်က ဆက်လက်ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment