Monday, August 22, 2016

ဆီထွက်ပစ္စည်း ငါးမျိုး လိုင်စင် လျှောက်ရန် မလိုဘဲ ပြည်ပ တင်ပို့ခွင့် ပြုမည်

ယခင်က တင်ပို့ခွင့် မပြုသော ဆီထွက် ပစ္စည်း ငါးမျိုးကို ပို့ကုန်သွင်းကုန် ဥပဒေအရ ပို့ကုန် လုပ်ငန်းရှင်များ လိုင်စင် လျှောက်ထားရန် မလိုဘဲ ပြည်ပသို့ တင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းကုန်ပစ္စည်းများမှာ ပန်းနှမ်းဆီ၊ မုန်ညင်းစေ့/မုန်ညင်းဆီ၊ နေကြာစေ့/နေကြာဆီ၊ ဆီကြိတ်ဖတ် အားလုံးနှင့် ပုစွန်ဖွဲတို့ကို တင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပို့ကုန်သွင်းကုန် ဥပဒေအရ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များကို ပြည်ပသို့ တင်ပို့ခွင့် မပြုသော ကုန်စည်များ စာရင်းမှ ပယ်ဖျက်၍ ပြည်ပသို့ တင်ပို့ခွင့် ပြုခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်ကုန်စည်များကိုလည်း ပြည်တွင်း ဈေးကွက် လိုအပ်ချက်ပေါ် မူတည်၍ ပို့ကုန် ပမာဏ မြှင့်တင်နိုင်ရေးအတွက် ဆက်လက် ပြင်ဆင် ပြောင်းလဲ၍ တင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။
ထိုသို့ စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ ပြောင်းလဲ လုပ်ဆောင်မှုသည် ပြည်တွင်းရှိ ပို့ကုန် လုပ်ငန်းရှင်များအတွက် အားရဖွယ်ဖြစ်ပြီး ထပ်မံ၍ တင်ပို့ခွင့် ပိတ်ပင်ထားသည့် ပြည်တွင်းထွက် သီးနှံများကိုလည်း ခွင့်ပြုပေးရန် မျှော်လင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။
ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေးအတွက် လိုင်စင် လျှောက်ထားရန် မလိုသော ကုန်စည်လိုင်းများကို ဖြေလျှော့ပေးလျက် ရှိရာ ယခုအခါ လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများ (Negative List) တွင် ကုန်ပစ္စည်း အမည်ပေါင်း ၄၁၃၈ လိုင်းသာ လိုင်စင် လျှောက်ထားရန် လိုအပ်ပြီး ကျန်ကုန်စည် လိုင်းပေါင်း ၅ဝဝဝ ကျော်ကို လိုင်စင် လျှောက်ထားရန် မလိုသော ကုန်စည်လိုင်းများအဖြစ် ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment