Wednesday, August 10, 2016

ဆော်ဒီကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးရှိ တင့်ကားနှင့် လက်နက်များရောင်းချမည်ဟု အမေရိကန်အတည်ပြု

အမေရိကန်အစိုးရက ကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ တင့်ကားများ၊ စစ်လက်နက်ပစ္စည်းများ ဆော်ဒီအာရေးဗျနိုင်ငံသို့ ရောင်းချသွားမည့်အစီအစဉ်ကို အတည်ပြုပေးထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သြဂုတ် ၉ ရက်တွင်  ထုတ်ပြန်ကြေညာလိုက်သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းစစ်လေယာဉ်များ အိမ်နီးချင်းယီမင်နိုင်ငံတွင် လေကြောင်းစစ်ဆင်ရေးများ ပြန်လည်စတင်လုပ်ဆောင်နေသည့်သတင်းများထွက်ပေါ်လာနေသည့်အချိန်နှင့် ယခု ကြေညာချက်နှင့် တိုက်ဆိုက်နေသည်။ ယီမင်ပြည်တွင်းစစ်ပွဲများအတွင်း ပြီးခဲ့သည့်သုံးလတာအတွင်း အပြစ်မဲ့အရပ်သား ၁၄ ဦးသေဆုံးကာ လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပြီး ကုလ၏ ကြားဝင်စေ့စပ်မှုများလည်း ရပ်ဆိုင်းထားရသည်။
ယီမင်စစ်ပွဲအတွင်း အရပ်သားများ သေဆုံးနေရသည့်သတင်းအပေါ်လွန်စွာ စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် အဲလီဇဘက် ထရူဒီက ဆိုလိုက်သော်လည်း ယခုရောင်းချသွားမည့်လက်နက်များကို ဆော်ဒီကအသုံးပြုခြင်းကြောင့် အရပ်သားများသေဆုံးနိုင်ခြေရှိနေနိုင်သလားဆိုသည့်မေးခွန်းကိုမူ အတိအကျဖြေဆိုသွားခဲ့ခြင်းမရှိပေ။
" ဒီလက်နက်ရောင်းမယ့်ကိစ္စက ကျွန်မတို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံတဲ့သဘောပါပဲ၊ ခုလိုမျိုး ယီမင်စစ်ပွဲအတွင်း အရပ်သားတွေ သေဆုံးနေရတာကတော့ ကျွန်မတို့လည်း တကယ့်ကို ၀မ်းနည်းပူပန်မိတာပါပဲ" ဟု သူမက ဆိုသည်။
ယခု အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပေးထားပြီး သြဂုတ်လ ၈ ရက်က ကွန်ဂရက်လွှတ်တော်သို့ တင်ပြထားခဲ့သည်။ ပုံမှန်အားဖြင့် ယခုအစီအစဉ်ကို ရက်ပေါင်း ၃၀ အတွင်း လွှတ်တော်က ကန့်ကွက်ပိုင်ခွင့်ရှိသော်လည်း ယင်းကဲ့သို့ ဖြစ်မလာနိုင်ဟု သိရသည်။
Credit To >>> Mizzima Burmese 

0 comments:

Post a Comment