Friday, August 12, 2016

နိုင်ငံရေး သဘောတူညီချက် မရခြင်းက ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းနှင့် အပစ်ရပ် စာချုပ်များ ပျက်စီးခြင်းတို့၏ အဓိကအကြောင်းရင်းဖြစ်၍ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုသည် အရေးကြီးကြောင်း တပ်မတော်ကိုယ်စားလှယ် ပြောကြား

နိုင်ငံရေးသဘောတူညီချက် မရခြင်းက ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းနှင့် အပစ်ရပ်စာချုပ်များ ပျက်စီးခြင်းတို့ ၏ အဓိကအကြောင်းရင်းဖြစ်၍ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုသည် အရေးကြီးကြောင်း သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီတို့၏ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

၂၁ ရာစု ပင်လုံညီလာခံအတွက် လက်ရှိနိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း တရားဝင် ဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ရာ သြဂုတ်​ ၁၁ ရက်တွင် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ သြဂုတ် ၁၂ ရက်တွင် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ သြဂုတ် ၁၃ ရက်တွင်အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီများ စုပေါင်းဆွေးနွေး ညှိနှိုင်းသွားရန် သတ်မှတ်ထားသည်။
လက်ရှိ တိုင်းရင်းသားများ ကြုံတွေ့နေရသည့် ပြဿနာအရင်းခံမှာ နိုင်ငံရေးပြဿနာ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် စစ်ရေးနည်းလမ်းဖြင့် အဖြေမရှာဘဲ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုနှင့် အဖြေရှာမည်ဆိုပြီး အခြေခံမူ ချမှတ်ထားကြောင်း၊ NCA လက်မှတ်ရေးထိုးအပြီး ရက်ပေါင်းခြောက်ဆယ်အတွင်း ရေးဆွဲခဲ့သည့် လက်ရှိ နိုင်ငံရေး မူဘောင်တွင် လိုအပ်ချက်များရှိကြောင်း၊ လက်ရှိ မူဘောင်ပြင်ဆင်ခြင်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပြုလုပ်ရမည်ဖြစ်သော်လည်း ယခုကဲ့သို့ မူဘောင်သုံးသပ်ခြင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းမှာ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ NCA တွင် ပါဝင်ရေးအတွက် စွဲဆောင်သည့် အနေဖြင့် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆိုသည်။
၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာနဲ့ ကျွန်တော်တို့ ပညာရှင်တစ်ယောက်ကို မေးကြည့်တော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဘယ်လိုပြန်ဖြစ်သလဲ။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တွေ ဘာကြောင့်ပျက်စီးရလဲ သူတို့ကို မေးကြည့်တဲ့အခါ စစ်ရေးကြောင့် တိုက်ခိုက်မှုတွေကြောင့် စစ်ဆင်ရေးကြောင့် မပျက်စီးဘူးလို့ ပြောပါတယ်။ အဓိကအားဖြင့်တော့ ပစ်ခတ်တိုက်ခိုက်မှုတွေက အနည်းအကျဉ်းတော့ ရှိမယ်။ သို့သော်နိုင်ငံရေး သဘောတူညီချက် မရလို့ရှိရင်တော့ စာချုပ်တစ်ခုလုံး ပျက်နိုင်တယ်လို့ ဒီလိုမျိုးဖြေတာမျိုး ရှိပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့က ဆိုလိုချင်တဲ့သဘောက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဟာ အလွန်အရေးကြီးတယ်။ ဒီအပေါ်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ မူဘောင်ဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို ပြန်လည်သုံးသပ်တယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း ပါဝင်လာနိုင်အောင် ဆွဲဆောင်သုံးသပ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်သုံးသပ်ခြင်း ဆွေးနွေးမှုကို နှစ်ကြိမ်ပြုလုပ်ထားပြီး ဖြစ်သည်။
ယခု နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲအပြီး သြဂုတ် ၁၅ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)  အစည်းအဝေးကျင်းပ၍ နိုင်ငံရေးမူဘောင် ပြင်ဆင်ခြင်း အတည်ပြုခြင်း ပြုလုပ်မည်ဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကလည်း “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံဟာ နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိမှာ အားလုံးပါဝင်ရေးဆိုတဲ့မူကို လက်ကိုင်ထားပြီးတော့ ကျွန်တော်တို့ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အားလုံးကရော ကြိုးစားဆောင်ရွက်နေကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မူဝါဒဖြစ်တဲ့ ငြိမ်းချမ်းရေး တစ်ရက်စောရရင် တစ်ရက် တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိပါတယ်ဆိုတဲ့မူနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးရအောင်ဆိုပြီးတော့ မေလကတည်းက ညီလာခံကို တစ်လနှစ်လအတွင်း ဖြစ်စေချင်ပါတယ်ဆိုပြီး ထုတ်ဖော်ပြောခဲ့တာပါ” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဇွန် ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ တွေ့ဆုံစဉ် ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျင်းပရန် နှစ်ဖက်ဆွေးနွေး သဘောတူညီခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အမြန်ဆုံး ကျင်းပနိုင်စေရန်နှင့်  အောင်မြင်စေရန် ၀ိုင်းဝန်းဆောင်ရွက်ပေးရန် ဒေါက်တာတင်မျိုးဝင်းက မေတ္တာရပ်ခံခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment